ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တောင်ငူ ကေတုမတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှုများကြည့်ရှုစစ်ဆေး နေပြည်တော် မေ၂၀

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးသည်။

            ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်း တံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတား တည်ဆောက်ရန် လျာထားသည့် နေရာတို့အား ကြည့်ရှုစစ်ဆေးရာတွင် မော်ကွန်းတံခါးနေရာအား အများပြည်သူ ကြည့်ရှုနိုင်ရန် မြို့ရိုး နှင့် မြို့တံခါးပေါက်တို့ကို ဘေးဝဲ/ယာ မူလပုံသဏ္ဌာန်မပျက်  ပြန်လည်တည်ဆောက်ပြသရန် မှာကြား ပါသည်။ မူလတည်ဆောက်ခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များအား ရှာဖွေတွေ့ရှိခဲ့သော မူလ နေရာတွင် ပြန်လည်တည်ဆောက်ရန်နှင့် ထိုသို့ တည်ဆောက်ရာတွင် သက်ဆိုင်ရာ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလပုံသဏ္ဌာန်အတိုင်း တတ်နိုင်သရွေ့ ရှာဖွေပုံစံထုတ်ရန် ကြံ့ခိုင်အောင် ဆောင်ရွက် ရန် လမ်းညွှန်မှာကြားပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ မြဝတီ တံခါး သုတေသနပြု တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးရာတွင် ယခုတူးဖော်တွေ့ရှိထားသော အုတ်ရိုးများ အား မိုးရာသီတွင် ထိခိုက်မှုမရှိ အချိန်မီထိန်းသိမ်းရန် မူလတံခါးပေါက်၏ပုံသဏ္ဌာန် အုတ်စီအုတ်ရိုးများ ကို ရှာဖွေ၍ ရေရှည်တည်တံ့ကြံ့ခိုင်အောင် ထိန်းသိမ်းရန်နှင့် ဆောင်ရွက်မှုအား စနစ်တကျ မှတ်တမ်း တင်ထားရန် မှာကြားပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယိုးဒယားပေါက်သို့ ရောက်ရှိ စစ်ဆေးရာတွင် ခရစ်နှစ် (၁၆၀၀)ပြည့်နှစ်တွင် ယိုးဒယားဘုရင် ဗြနရာဇ်က တောင်ငူကိုလာရောက်တိုက်ခိုက်ရာတွင် ကျုံး အတွင်းမှ ကျုံးရေများကို ဖောက်ထုတ်ခဲ့သော ယိုးဒယားပေါက်အား ပြည်တွင်း/ပြည်ပ ဧည်သည်များ လေ့လာကြည့်ရှုနိုင်ရန် စဉ်ဆက်မပျက် ထိန်းသိမ်းထားရန်နှင့် ရနိုင်သမျှသော မှတ်တမ်းအထောက် အထားများ ထပ်မံရှာဖွေရန် လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ၁၈၆၄ ခုနှစ် တွင် ကိုလိုနီခေတ် အင်္ဂလိပ်တို့ တည်ဆောက်ခဲ့သော မြို့လေးခံတပ်သို့ ရောက်ရှိရာတွင် ရှေးဟောင်းအဆောက်အအုံ အဖြစ် ဥပဒေအရသတ်မှတ်ရန် ရေရှည်ကြံ့ခိုင်အောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

            ထို့နောက် ပုတ်တလုတ်ကန်သို့ ရောက်ရှိရာတွင် ယခုကဲ့သို့ တူးဖော်တွေ့ရှိထားသော မူလ ပုတ်တလုတ်ကန် နေရာတွင် အုတ်စီထားသော ဗိသုကာလက်ရာများရှိနိုင်သဖြင့် တတ်နိုင်သမျှ ရှာဖွေ ဖော်ထုတ်ရန်နှင့် ပုတ်တလုတ်ကန်၏ မူလဗိသုကာပုံစံအတိုင်း ပြန်လည်ရှာဖွေရန် အုတ်စီ တည်ဆောက်ပေးရန် မှာကြားပါသည်။

            ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လတွင် လှုပ်ခတ်ခဲ့သည့်မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း (၁၃၀) ကျော်က တည်ဆောက်ခဲ့သော ပြည်ကျောင်းတိုက်နှစ်ထပ် အုတ်ကျောင်း သို့ သွားရောက်၍ ရှေးဟောင်းအဆောက်အအုံ သတ်မှတ်ရန် ရေရှည်ကြံ့ခိုင်မှုရှိအောင် အုတ်စီ တည်ဆောက်ထားရန်၊  ယခုဘဏ္ဍာရေးနှစ် ရရှိသော ရန်ပုံငွေဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးရန် မှာကြားပါသည်။

            ဆက်လက်၍ နန်းတော်ရာနေရာရှိ တူးဖော်သုတေသနပြုထားသော နေရာသို့ ရောက်ရှိပြီး တူးဖော်ထားသော အုတ်ရိုးများအား ထိန်းသိမ်းထားရှိရန်၊ သုတေသနလုပ်ငန်းများအား ဆောင်ရွက်ရန် နှင့် မူလနန်းတော်ရာရှိသောနေရာအား လေ့လာရှာဖွေသုတေသနပြုဆောင်ရွက်ရန် မှာကြားပါသည်။

            ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးနေရာရှိ မြို့ရိုးဖော်ထုတ် ထိန်းသိမ်း ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး မြို့ရိုး အပေါ်ရှိသွပ်မိုး အဆောက်အအုံအား ပြန်လည်ဖယ်ရှား၍ ရှေးဟောင်းတန်ဖိုးမကျစေရန်နှင့် မြင်ကွင်းဖုံးအုပ်မှုမရှိအောင် ဆောင်ရွက်ရန်မှာကြားပါသည်။

            ထို့နောက် ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး သစ်ရင်းတံခါးတူးဖော်သုတေသနပြုမှု အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့ဝင်ပေါက်တူးဖော်တွေ့ရှိသော ပြအိုးအား မိုးရေမဝင်အောင် နှင့် ရေရှည်ကြံ့ခိုင်အောင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများပါ တစ်ပါတည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

Loading