မြန်မာ့သနပ်ခါးလိမ်းသည့်ဓလေ့ – အမျိုးသားယဉ်ကျေးမှု အမှတ်သညာနှင့် ဆေးဖက်ဝင်အာနိသင်များ

မြန်မာ့လူ့အဖွဲ့အစည်းတွင်သနပ်ခါးနှင့် မြန်မာလူမျိုးတို့သည်ခွဲခြား၍မရ နိုင်လောက်အောင်ပင် ရိုးရာဓလေ့ထုံးစံအရ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်မှာရှေးနှစ်ပေါင်း များစွာကတည်းက ဖြစ်ပါ သည်။ သနပ်ခါးလိမ်းသည့်အလေ့အထသည် တောင်ပေါ်မြေပြန့်မကျန်၊ ကျားမ မရွေး၊ လူကြီး/ လူငယ်မရွေး၊ လူမျိုးနှင့်ဆင်းရဲချမ်းသာမရွေး မြန်မာတစ်မျိုးသားလုံး တန်ဖိုးထား အသုံးပြုကြသည့် တစ်ခုတည်းသော အမျိုးသားယဉ်ကျေးမှု အမှတ်သညာတစ်ခုဖြစ်သည်။ သုံးစွဲသူအား ယဉ်ကျေး သိမ်မွေ့ပြီး အေးမြသော ကျက်သရေကို ဆောင်နှင်းပေးနိုင်သည့်အပြင် ခေတ်အဆက်ဆက် ခိုင်မြဲစွာ ရှင်သန်လာခဲ့သော ဤဓလေ့အား ယနေ့တွင် ကမ္ဘာကသိရှိစေရန် ယူနက်စကို (UNESCO) ၏ လူသား မျိုးနွယ်တို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage of Humanity) ကိုယ်စားပြုစာရင်းသို့ ထည့်သွင်းနိုင်ရန် တရားဝင် အမည်စာရင်း တင်သွင်းထားပြီး ဖြစ်ပါသည် ။

 ဝေါဟာရအဓိပ္ပာယ်နှင့် ရုက္ခဗေဒဆိုင်ရာ ခွဲခြားမှု

“သနပ်ခါး” ဟူသော ဝေါဟာရသည် ပါဠိဘာသာစကား “သနပ်ခါး” မှ ဆင်းသက်လာပြီး၊ “သန” (အညစ်အကြေး) နှင့် “ခါး” (ပယ်ဖျောက်ခြင်း) ဟု အဓိပ္ပာယ်ရသဖြင့် “အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးသောအရာ” ဟု တိုက်ရိုက်အနက်ဖွင့်နိုင်ပါသည်။

ရုက္ခဗေဒသိပ္ပံနည်းကျ လေ့လာချက်များအရ သနပ်ခါးပင်သည် Rutaceae (ရှောက် မျိုးနွယ်ဝင်) အုပ်စုတွင် ပါဝင်ပြီး အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်။

မြန်မာအမည်မှာသနပ်ခါးဖြစ်ပြီးအင်္ဂလိပ်အမည်မှာChinese Box Tree, Wood Apple ဖြစ်ပါသည်။ မျိုးရင်း (Family) မှာ    Rutaceae ဖြစ်ပြီးမျိုးစု (Genus) မှာ      Limonia ဖြစ်ပါသည်။ မျိုးစိတ် (Species)မှာ     L. acidissima ဖြစ်ပြီး သိပ္ပံအမည်များမှာ          Naringi crenulata (Roxb), Limonia acidissima,  Hesperethusa crenulata  (Roxb)  Roem တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် ယင်း သနပ်ခါးပင်၏ ပင်စည်နှင့် အကိုင်းအခက်များကို ခုတ်ဖြတ်၍ အရွယ်အစား ၄ လက်မမှ ၆ လက်မခန့်ရှိသော “သနပ်ခါးတုံး” များပြုလုပ်ကာ လိမ်းကျံရန် အသုံးပြုကြပါသည်။

 သမိုင်းကြောင်းနှင့် စိုက်ပျိုးရာဒေသ သဘာဝ

သနပ်ခါးယဉ်ကျေးမှုသည် ရှေးဟောင်းသုတေသနအထောက်အထားများအရ ပုဂံခေတ် အေဒီ ၁၁ ရာစုလက်ရာ နဂါးရုံဘုရား နံရံဆေးရေးပန်းချီ၊ အေဒီ ၁၁၁၃ ခုနှစ်တွင် တည်ခဲ့သည့် မြင်းကပါ ဂူပြောက်ကြီးဘုရား နံရံဆေးရေးပန်းချီနှင့် အေဒီ ၁၁၉၃ ခုနှစ်တွင် တည်ခဲ့သည့် စူဠာမဏိ ဘုရား အတွင်းရှိ နံရံပန်းချီများတွင် သနပ်ခါးနှင့် ကျောက်ပျဉ် အသုံးပြုမှုကို ထင်ရှားစွာ တွေ့ရှိရသဖြင့် မြန်မာတို့သည် သနပ်ခါးကို ခေတ်အဆက်ဆက် သုံးစွဲခဲ့ကြောင်း သက်သေပြနေသည်။

မြန်မာ့သနပ်ခါးသည် နံ့သာ(၁၀)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သီရိလင်္ကာ၊ အိန္ဒိယ အနောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ပေါက်ရောက်တတ်သော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းမိုးနည်းရေရှားဒေသများတွင်အကောင်းဆုံးရှင်သန်ဖြစ်ထွန်းကြပါသည်။ မကွေး တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြပြီး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ အရာတော်နှင့်မုံရွာမြို့နယ်များသည်သနပ်ခါး ထွက်ရှိရာ အဓိက အချက်အချာဒေသများ ဖြစ်ကြပါသည်။ ၎င်းတို့အနက် အသားညက်ညောပြီး ဝါဝင်းသော “ရွှေဘိုသနပ်ခါး” နှင့် ရနံ့အလွန်မွှေးကြိုင်သော “ရှင်မတောင်သနပ်ခါး” တို့မှာ မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး ဖြစ်ကြပါသည်။ ၁၉၂၈ ခုနှစ်ခန့်မှစ၍ အရာတော်မြို့နယ်တွင် ယာမြေများ၌ စနစ်တကျ ပြောင်းလဲ စိုက်ပျိုးလာခဲ့ရာ ယခုအခါ အရာတော်မြို့အား “သနပ်ခါးမြို့တော်” ဟုပင် ခေါ်ဆိုရလောက်အောင် ကျေးရွာတိုင်း၌ စိုက်ခင်းများရှိနေပါသည်။

 အလှအပ ဓလေ့နှင့် မရှိမဖြစ် “ကျောက်ပျဉ်”

ကျောက်ပျဉ်သည် မြန်မာအမျိုးသမီးများ အမွှေးနံ့သာလိမ်းကျံရန်နှင့် သနပ်ခါးသွေးရန် အတွက် မရှိမဖြစ် အရေးကြီးသော အိမ်ထောင်ပရိဘောဂ တစ်ခုဖြစ်သည်။ ကျောက်ပျဉ်ကို သာမန်ထီး ကျောက်မျိုးမဟုတ်သော ကျောက်ချပ်ပြားကို ဝိုင်းအောင်ဆစ်၍ မျက်နှာပြင် ညီညာအောင် ပြုပြင်ယူရသည်။ ပတ်လည်တွင် ဘေး၌ ဝိုင်းရံ၍ ရေခံတည် ခေါ် ချိုင့်မြောင်းငယ် (ရေမြောင်း) ကို ထွင်းထုထားရပြီး မျက်နှာပြင်အလယ်သို့ အနည်းငယ် မို့သွားစေသည်ကို “မြင်းမိုရ်” ဟု ခေါ်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် သွေးထားသော သနပ်ခါးရည်များ ဘေးပတ်လည် ရေခံမြောင်းထဲသို့ အလွယ်တကူ လျောဆင်းနိုင်သည်။                           

ကျောက်ပျဉ်ကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းခရိုင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ချောက် မြို့နယ်အတွင်းရှိ  ရွေးချယ်တောင်၊  အနီးမင်းကန်ရွာများမှ  အများအပြား  ပြုလုပ်ရောင်း  ချကြပြီး

-၃-

စစ်ကိုင်းနယ်ထွက် ကျောက်ပျဉ်မှာ မင်းကန်ရွာမှ ထွက်သဖြင့် ကျောက်သားရင့်ပြီး လူကြိုက် များပါသည်။

ကျောက်ပျဉ်ထက်တွင် ရေအနည်းငယ်ဆွတ်၍ သနပ်ခါးတုံးကို စိတ်ရှည်လက်ရှည် သွေးခြင်းဖြင့် ရရှိလာသောမပျစ်မကျဲ သနပ်ခါးနှစ်ကို မျက်နှာ၊ လက်နှင့် တစ်ကိုယ်လုံးတွင် လိမ်းကျံကြပါသည် ။

 နေ့စဉ်လူမှုဘဝနှင့် ရိုးရာပွဲတော်များရှိ သနပ်ခါး၏ အခန်းကဏ္ဍ

သနပ်ခါးသည် မြန်မာတို့၏ ဘဝဖြစ်တည်မှုတစ်လျှောက် ကလေးငယ်မွေးဖွားချိန်မှစ၍ သေဆုံးသည်အထိ လူမှုရေး၊ ဘာသာရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည် ။

  • မိခင်မေတ္တာနှင့် သနပ်ခါးခွံ့ခြင်းဓလေ့-  မြန်မာမိသားစုများတွင် မိခင်ဖြစ်သူသည် ကလေးငယ်အား ရေချိုးသန့်စင်ပေးပြီးနောက် ကျောက်ပျဉ်ထက်မှ သနပ်ခါးရည်ပျစ်ပျစ်ကို လက်ဖြင့်သပ်ယူကာ နဖူးနှင့် ပါးပြင်ပေါ်တွင် ဘုရားကိုအာရုံပြု၍ လိမ်းခြယ်ပေးလေ့ရှိသည် ။ ထို့ပြင် ကြွင်းကျန်သော သနပ်ခါးရည်သန့်သန့်ကို ကလေး၏ ဝမ်းတွင်းအေးစေရန် ပါးစပ်ထဲသို့ ခွံ့ကျွေးလေ့ရှိရာ ၊ ၎င်းသည် ကလေးငယ်အား အေးမြလုံခြုံမှုနှင့် မိခင်၏ ဆုံးမစကားများကို မှတ်သားစေနိုင်သော စိတ်ပညာ ဆိုင်ရာ ကောင်းကျိုးကိုပါ ရရှိစေပါသည် ။
  • မီးဖုန်းပွဲတော် (တပို့တွဲလ)-  မြန်မာပြက္ခဒိန်အရ အအေးဆုံးဖြစ်သော တပို့တွဲလ (ဖေဖော်ဝါရီ) တွင် ဘုရားရှင်အား ရည်မှန်း၍ သနပ်ခါးသားများကို စုပေါင်းမီးပူဇော်သည့် “မီးဖုန်းလှူပွဲ” ကျင်းပ ကြပါသည်။
  • ဘုရားမျက်နှာသစ်တော်မူခြင်း –  မန္တလေးမြို့ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီး ဘုရားများတွင် နေ့စဉ် အရုဏ်တက်ချိန်၌ သနပ်ခါးရည်သန့်များဖြင့် မျက်နှာတော်သစ် ရေသပ္ပါယ် ပူဇော်ကြပါသည် ။
  • သနပ်ခါးပါးတို့ပွဲ-  အညာဒေသ ရပ်ရွာပွဲလမ်းသဘင်များတွင် လူငယ်များ ချစ်ခင်ရင်းနှီးမှုရယူရန် သနပ်ခါးပါးတို့တမ်း ကစားကြသည့် ချစ်စရာ ဓလေ့တစ်ခု ရှိပါသည် ။

တိုင်းရင်းဆေးပညာနှင့် သိပ္ပံနည်းကျ အကျိုးအာနိသင်များ

မြန်မာ့ တိုင်းရင်းဆေးကျမ်းများ အရ သနပ်ခါးသည် ပူခါး၊ သွေးကိုကြွစေ၏၊ ပူခါးချိုပွင့်ဖြစ်၏၊ ငန်းမန်းကို နိုင်၏၊ အပူနာ အအေးနာ နှစ်မျိုးလုံးတွင် သုံးနိုင်သည်ဟု ဆိုသည်။ သနပ်ခါး၏ အစိတ်အပိုင်းအလိုက် ဆေးဖက်ဝင်ပုံမှာ –

-၄-

(၁) အပွေး(အခေါက်)သည်ရောင်ရမ်းမှုကိုသက်သာစေပြီးမျက်နှာအသားအရေကိုနုပျိုစေကာ ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို သက်သာစေသည်။

(၂)    အမြစ်သည်ဝမ်းဗိုက်နာခြင်းနှင့်သားအိမ်ရောဂါများ၊ နှလုံးရောဂါအတွက်နှလုံးအား ပေးဆေး အဖြစ်သုံးပါသည်။

(၃)    အသီးသည် အဆိပ်ဖြေဆေးနှင့် ကျောက်ရောဂါကာကွယ်ဆေးအဖြစ်အသုံးပြု ကြပါသည်။

(၄)    အရွက်ကို ဝက်ရူးပြန်ရောဂါကာကွယ်ဆေး၊ အနာကြီးရောဂါနှင့် ငှက်ဖျားရောဂါ ပျောက်ဆေး များတွင် သုံးသည်။

ဓာတ်ခွဲခန်း သုတေသနပြုချက်များအရ-                                          

(၁)    အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်စွမ်း (Anti-aging) ရှိပြီး ဆဲလ်သေများကို ဖယ်ရှားကာ အသားအရေကို တင်းရင်းဖြူစင်စေပါသည်။

(၂)    နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကို အစွမ်းထက်စွာ ကာကွယ်ပေးနိုင်သဖြင့် နေလောင်ခြင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားခြင်းတို့မှ အကာအကွယ်ပေးပါသည်။

(၃)    ဘက်တီးရီးယားနှင့် မှိုများကို သေစေနိုင်သဖြင့် ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံနှင့် အမည်းစက်များကို ပျောက်ကင်းစေပြီး အသားအရေကို သဘာဝအတိုင်း အေးမြ လန်းဆန်းစေပါသည် ။

 မျိုးဆက်သစ်လက်ဆင့်ကမ်းမှုနှင့် အနာဂတ်ထိန်းသိမ်းစောင့်ရှောက်ရေး

ယခင်က သနပ်ခါးကိုမိရိုးဖလာအတိုင်း အိမ်တွင်း၌သာ အဓိကလက်ဆင့်ကမ်းခဲ့ကြ သော်လည်း၊ ယခုအခါ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာသော ကမ္ဘာ့အလှကုန်ဈေးကွက်နှင့်အညီ မြန်မာတို့သည် သနပ်ခါးကို ရိုးရာ သွေးရုံတင်မကဘဲ လူသားတို့၏ တီထွင်ဖန်တီးမှုစွမ်းရည် (Human Creativity) ကို အသုံးပြုကာ သနပ်ခါးမိတ်ကပ်၊ သနပ်ခါးပေါင်ဒါနှင့် ရေမွှေးများအဖြစ် ခေတ်မီစွာ ထုတ်လုပ်သုံးစွဲလာကြပြီဖြစ်ပါသည် ။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများ စုပေါင်း၍ “မြန်မာနိုင်ငံသနပ်ခါးအသင်း”ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာမြှင့်တင်ခြင်း၊ သင်တန်းများနှင့် ဟောပြောပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်

-၅-

လျက်ရှိပါသည်။ ချမ်းအေးလှသည့် ဆောင်းရာသီ တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့သည် မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့် ပူဇော်ကြသည့် အစဉ်အလာကို အခြေပြု၍ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ “တပို့တွဲလပြည့်နေ့” ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် သတ်မှတ် ပေးခဲ့ပါသည်။

မြန်မာ့သနပ်ခါးလိမ်းသည့်ဓလေ့သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ သဘာဝ တရားနှင့် လူသားတို့ လိုက်လျောညီထွေနေထိုင်တတ်သည့် အသိပညာကိုပြသနေသော အကောင်းဆုံးပြယုဂ် ဖြစ်ပါသည်။ ဤယဉ်ကျေးမှုဓလေ့အား ယူနက်စကို (UNESCO) ၏ လူသားမျိုးနွယ်တို့၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage of Humanity) ကိုယ်စားပြုစာရင်းသို့ တင်သွင်းခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ မတူကွဲပြားသော ယဉ်ကျေးမှုများအကြား အပြန်အလှန် လေးစားမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး ၊ မြန်မာတို့၏ ဘိုးဘွားအစဉ်အဆက်ထိန်းသိမ်းလာခဲ့သော ရိုးရာအနုပညာနှင့် ဓလေ့စရိုက်သည်လည်း နောင်နှစ်ပေါင်းထောင်ချီတိုင်အောင် ကမ္ဘာ့အလယ်တွင် ဆက်လက်တောက်ပနေမည် ဖြစ်ပါသည်။ မိမိတို့၏ ထူးခြားလှသော မြန်မာ့သနပ်ခါးယဉ်ကျေးမှု အမွေအနှစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ပင် ဖြစ်ပါတော့သည်။

ကျမ်းကိုးစာရင်း (References)

ဂျာနယ် အော့ဖ် အက်သနိုဖာမာကော်လိုဂျီ. (၂၀၁၀)။ Evaluation of anti-bacterial, anti-oxidant and UV-protective properties of Thanakha (Hesperethusa crenulata) bark[သနပ်ခါးအခေါက်၏ဘက်တီးရီးယားဆန့်ကျင်မှု၊အောက်ဆီဂျင်ဓာတ်တိုးဆန့်ကျင်မှုနှင့် ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်စွမ်း ဂုဏ်သတ္တိများအား ဆန်းစစ်လေ့လာခြင်း] Journal of Ethnopharmacology, 131(၂), ၁၄၁-၁၄၈။

တင်မောင်ညွန့်၊ ဒေါက်တာ. (၂၀၁၅)။ မြန်မာ့တိုင်းရင်းဆေးနှင့် ဆေးဖက်ဝင်အပင်များ။ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။

မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း. (၂၀၂၃)။ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်ထုတ်ဝေသော စာစောင် (ရှင်မတောင်နှင့် ရွှေဘိုသနပ်ခါးအကြောင်း၊ မြန်မာ့သနပ်ခါးနေ့ သတ်မှတ်ခြင်းဆိုင်ရာ အချက်အလက်များ)။ မြန်မာနိုင်ငံသနပ်ခါးအသင်း။

-၆-

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃). (၁၉၇၃)။ သနပ်ခါးနှင့် ကျောက်ပျဉ်သမိုင်းကြောင်း၊ ဝေါဟာရအဓိပ္ပာယ် ဖွင့်ဆိုချက်များ။ စာပေဗိမာန်ပုံနှိပ်တိုက်။

မောင်သိန်းဇံ. (၂၀၀၀)။ မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုနှင့် ဆေးဖက်ဝင်ပုံများ။ နံ့သာစာပေ။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန. (n.d.)။ ပုဂံခေတ်နံရံဆေးရေးပန်းချီများရှိ မြန်မာ့ရိုးရာ ဓလေ့ထုံးစံများ သုတေသနစာတမ်း (နဂရုံဘုရား၊ဂူပြောက်ကြီးနှင့်စူဠာမဏိဘုရားများမှသနပ်ခါးသမိုင်းအထောက်အထားများ)။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန။

ဦးသာလှ. (၁၉၇၄)။ မြန်မာ့သနပ်ခါး။ သစ်တောဦးစီးဌာန။ National Botanical Research Institute (NBRI). (n.d.). Phytochemical and Pharmacological review on Limonia acidissima (L.) [သနပ်ခါး၏ ရုက္ခဗေဒအမည်နှင့် ဓာတ်ခွဲခန်းပြ သိပ္ပံနည်းကျ အကျိုးအာနိသင်များ ဆန်းစစ်ချက်]။ NBRI Research Journal.

Loading