ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ၊ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သရေခေတ္တရာပြတိုက် ခင်းကျင်းပြသထားမှုများ၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်း ကျောင်း(ပြည်)ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် သရေခေတ္တရာမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှုခင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်စေရန် ရှုခင်းကြည့်ရှုမျှော်စင်ဆောက်လုပ်ထားရှိမှုကို ကြည့်ရှု စစ်ဆေးမှုအား သရေခေတ္တရာဌာနစုတာဝန်ခံ က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ရှင်းလင်းချက်ဆိုင်းဘုတ်များ စနစ်တကျ ထားရှိရန် မှာကြားသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော ဘောဘောကြီးစေတီတော် ပြန်လည်ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ စေတီတော်တွင် ပေါက်ရောက်နေသော အပင် များအား ဖယ်ရှားရှင်းလင်းရန်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလ လက်ရာများ မထိခိုက်အောင် ဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပျူခေတ်သင်္ဂြိုဟ်မြှုပ်နှံခဲ့သည့် အထောက်အထားများရှိသည့် အရိုးအိုးကုန်း (တူးဖော်မှု ကုန်းအမှတ်-၅၃)အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသနပြု တူးဖော်တွေ့ရှိမှု Lerici Foundation မှ ပညာရှင်များနှင့် ပူးပေါင်း၍ မှတ်တမ်းတင်ခြင်း၊ သန့်စင်ထိန်းသိမ်းခြင်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ တစ်စု တစ်စည်းတည်း သင်္ဂြိုဟ်မြှုပ်နှံမှုမှာ အလွန်ရှားပါးပြီး သုတေသနအတွက် တန်ဖိုးကြီးမား၍ အထူးဂရုပြု ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော လေးမျက်နှာဂူဘုရား ပြန်လည်ပြုပြင် ထိန်းသိမ်းထားရှိမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သရေခေတ္တရာပြတိုက်သို့ ရောက်ရှိရာ ခင်းကျင်းပြသထားသည့် သမိုင်းတန်ဖိုးမြင့်မားသော ပျူခေတ်၏ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ရုပ်ထုများ၊ ပျူစာပါ ကျောက်အရိုးအိုးများ၊ ပျူလူမျိုးတို့၏ အသုံးအဆောင်ပစ္စည်းများနှင့် ကျောက်ကာသိမ်ပြတိုက်ရှိ ဗုဒ္ဓရုပ်ကြွကျောက်ချပ်များအား မပျက်စီး မပျောက်ပျက်စေရန် အထူးဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း၏ နောက်ခံသမိုင်းကြောင်း၊ ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၊ သင်ကြားမှုပုံစံစနစ်များနှင့် သင်ကြားသည့် ဘာသာရပ်များကို လည်းကောင်း၊ သရေခေတ္တရာဌာနစုတာဝန်ခံက သရေခေတ္တရာဌာနစု၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုကို မြှင့်တင်ရင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးအတွက် နိုင်ငံသားတိုင်း မိမိနိုင်ငံကို တန်ဖိုးထား ချစ်မြတ်နိုးရမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူ သင့်ကြောင်း၊ မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်ကတည်းက သမိုင်းကြောင်း အထောက်အထားများစွာ အခိုင်အမာ တည်ရှိခဲ့ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်စေရန်၊ ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်းနှင့် စာသင်ကျောင်းများတွင် အသိပညာပေး Educated ပြုလုပ်၍ အသိပညာဗဟုသုတများ တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု ပိုမိုများပြားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ဒေသခံများအနေဖြင့်လည်း အကျိုး စီးပွားများ ခံစားရမည်ဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)ရှိ ရှေးဟောင်းပစ္စည်းများအား သိပ္ပံနည်းကျ သက်တမ်းတွက်ချက်သည့် Thermoluminescence Dating ဓာတ်ခွဲခန်းအား လှည့်လည်စစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ခံများက Thermoluminescence Dating သက်တမ်းတွက်ချက်ရန်အတွက် ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက Thermoluminescence Dating ဓာတ်ခွဲခန်းတွင် ဆောင်ရွက်နေသော ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက် နိုင်ရန်အတွက် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့သည့် ပျူခေတ် ဘုရားမာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး လှည့်လည်စစ်ဆေးပြီးနောက် ဘုရားအား ထိခိုက် ပျက်စီးစေနိုင်သည့် ညောင်ပင်များအား ဖယ်ရှားရှင်းလင်းရန်၊ ရှေးဟောင်းအုတ်များ ဆွေးမြေ့ပျက်စီးမှုများကို ဖယ်ရှားအစားထိုးထိန်းသိမ်းရန်၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့၊ အလင်္ကာဟိုတယ်၌ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာဇုန်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ တင်ပြခဲ့မှုအပေါ် ပြန်လည် ဆွေးနွေးရာတွင် သရေခေတ္တရာမြို့ဟောင်းသည် World Heritage အဖြစ် သတ်မှတ်ထားသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ပြည်ဒေသသည် ယဉ်ကျေးမှုကို အခြေခံသော ခရီးစဉ်ဒေသများစွာရှိသဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် Media များတွင် ကြော်ငြာ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် သွားရန်နှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းပူးပေါင်း၍ အတူဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
![]()