ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားတက်ရောက်

မန္တလေး၊  ဇွန်လ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံ(၅)ခုဖြစ်သည့် သန့်ရှင်းသူအပေါင်းခရစ်ယာန်ဘုရားကျောင်း(All Saint Church)၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ်ဘုရားရှိခိုးကျောင်းတို့၌ ကမ္ပည်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ(၂ ၀၀) နာရီအချိန်တွင် ပြင်ဦးလွင်မြို့  နန်းမြိုင်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊   ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ Maymyo Heritage Trust နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

              အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းက ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ  ကာကွယ်ထိန်းသိမ်းရေး ဥပဒေ  ပုဒ်မ ၃၄၊  ပုဒ်မခွဲ (ခ)  အရ အပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး   မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး တို့တွင်နှစ်တစ်ရာသက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၃၈၂ လုံးကို   ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင်  ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံပေါင်း ၁၁၅  လုံးကို သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်တစ်ရာကျော်သည့် အဆောက်အအုံများကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံသတ်မှတ်သည့်အခါ သမိုင်း တန်ဖိုး၊ ဗိသုကာလက်ရာနှင့် အနုလက်ရာ တည်ရှိမှုအခြေအနေ၊ မူလလက်ရာကျန်ရှိခြင်း ရှိ၊ မရှိ၊ အဆောက်အအုံ၏ တည်နေရာနှင့် ပတ်ဝန်းကျင်အနေအထားတို့ကို ကြည့်ရှု၍ဆောင်ရွက် ရပါကြောင်း၊ ပြင်ဦးလွင်တွင်ရှိသော ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများသည် လွန်ခဲ့သောနှစ်တစ်ရာကျော်က တည်ဆောက်ခဲ့သည့် အဆောက်အအုံများဖြစ်သည့်အပြင် သမိုင်း တန်ဖိုးရှိသည့် မူလလက်ရာများ ကျန်ရှိခြင်း၊ ရှေးခေတ်အခါက အသုံးပြုခဲ့သော လက်ရာများ ကျန်ရှိခြင်းတို့ကို တွေ့ရှိရခြင်းတို့ကြောင့် ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကမ္ပည်းကြေးပြား တပ်ဆင်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပြည်သူများ၊ နောင်လာ နောင်သားများ သိရှိလေ့လာပြီး မိမိတို့အမွေအနှစ်များကိုဆက်လက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် ဖြစ်ကြောင်း၊  ကိုလိုနီခေတ် ရှေးဟောင်းအဆောက် အအုံများ ရေရှည်တည်တံ့စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူတစ်ရပ်လုံးက မိမိတို့တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

              ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းအောင်ကြည်က ပြင်ဦးလွင်မြို့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပါသည်။           ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သန့်ရှင်းသူအပေါင်းခရစ်ယာန် ဘုရားကျောင်း(All Saint Church)၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ်ဘုရား ရှိခိုးကျောင်းတို့၌ ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်း ခဲ့ကြောင်း  သတင်းရရှိပါသည်။

Loading