ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း ကျောက်မဲမြို့၊ ကိုယ့်အားကိုယ်ကိုး အေးသာယာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေး၊  ဇွန်လ ၃

အရှည် ၁၁၀၀ပေ၊ အကျယ် ၁၈ပေ ရှိသည့် ကိုယ့်အားကိုယ်ကိုး အေးသာယာ ကွန်ကရစ် လမ်း ဖွင့်ပွဲအခမ်းအနားကို ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်၊ အေးသာယာလမ်း၌ ၂-၆-၂၀၂၆ ရက်နေ့၊ နံနက် (၀၉ ၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောက်မဲမြို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ခရိုင်နှင့်မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ရှမ်းစာပေယဉ်ကျေးမှု အဖွဲ့များ တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ခဲ့ကာ ကွန်ကရစ်လမ်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါ သည်။

၃-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ငလျင်ကြောင့် ထိခိုက် ပျက်စီး ခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးသည်  ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက် နေမှုများကို လျှောက်ထားခဲ့ပြီး အလှူငွေများပေးအပ်ခဲ့ပါသည်။  ဒုတိယဝန်ကြီးက ဘုရားများအား ပြန်လည်ပြုပြင်ရာတွင် ရှေးမူမပျက်ပြုပြင်သွားရန်၊ ပြန်လည်ပြုပြင်ရာတွင် ပြန်လည်အသုံးပြုနိုင် သည့် ရှေးအုတ်များကို ပြန်လည်အသုံးပြုသွားရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေး ပစ္စည်းများကိုသာအသုံးပြုသွားရန်၊ မိုးရေစိမ့်ဝင်ခြင်းမရှိအောင် ဂရုပြုဆောင်ရွက်သွားရန်နှင့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ရေးဆွဲထားသည့် ရှေးဟောင်းအဆောက်အအုံများ၊ ဘုရား၊ စေတီများနှင့်သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းအဆင့်ဆင့်အတိုင်း အရည်အသွေး ပြည့်မီအောင် ပြုပြင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Loading