ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ယနေ့ နေ့လယ်(၁:၀၀) နာရီအချိန် အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများ၊ တက်ရောက် ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အကြောင်းကြောင်းကြောင့်တွေ့ရှိရသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းတို့အတွက် ဆုကြေးငွေချီးမြှင့်၍ စုဆောင်းထိန်းသိမ်းလျက်ရှိပါကြောင်း၊ ပြည်သူများက မိမိတို့ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းထား ရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိရသည့် ရှေးဟောင်းဝတ္ထုပစ္စည်း များကိုဦးစီးဌာနသို့လာရောက်အပ်နှံပါက အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသ ပြတိုက်များတွင် စုဆောင်းထိန်းသိမ်းပြသပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ရှေးဟောင်းဝတ္ထုပစ္စည်းများကို လာရောက်အပ်နှံပါက မူလတန်ဖိုးအပြင် ခေတ်ကာ လတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများသာမက ရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်း ဖြစ်ပါက ထပ်ဆောင်း တန်ဖိုးများပါ ချီးမြှင့်ပြီး စုဆောင်းထိန်းသိမ်းလျက်ရှိပါကြောင်း၊ ထို့ပြင် ဆုကြေးချီးမြှင့် ငွေရယူလိုခြင်းမရှိဘဲ နိုင်ငံတော်ကို လှူဒါန်းလိုပါကလည်း နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ပြသထားသော ပစ္စည်းများက ဖော်ပြနေကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ဆုံးမသွားစေရန် ရှာဖွေတွေ့ရှိပြီး ဝါသနာအရ စုဆောင်းထားသည့် ပျူခေတ် ငွေဒင်္ဂါး(၃၃၃)ပြားနှင့် ကုန်းဘောင်ခေတ် သတ္တုစပ်ပြား(၃၂၈)ပြားတို့ကို တာဝန်သိစွာဖြင့် လာရောက် အပ်နှံခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မိုးဖုံးအုပ်စု၊ ဗဟန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝရဉာဏအား ကုန်းဘောင်ခေတ် သတ္တုစပ်ပြား(၃၂၈)ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ကြေး( ၂၅ ) ပိဿာအတွက် ကာလပေါက်ဈေး တန်ဖိုး ကျပ် ၃၇၅၀၀၀၀/- (ကျပ် သုံးဆယ်ခုနှစ်သိန်း ငါးသောင်းတိတိ) ၊

ခေတ်ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၅၀%) ကျပ် ၁၈၇၅၀၀၀/- (ကျပ် တစ်ဆယ် ရှစ်သိန်း ခုနှစ်သောင်း ငါးထောင့် တိတိ)၊ စုစုပေါင်း ဆုကြေးငွေ ကျပ် ၅၆၂၅၀၀၀/- (ကျပ် ငါးဆယ့် ခြောက်သိန်းနစ်သောင်းငါးထောင်တိတိ/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၂၅ X ၁၂၆ လမ်းကြား(စ)ဈေးနေ ဦးဝင်းကိုကိုမောင် အား ပျူခေတ်ငွေဒင်္ဂါး(၃၃၃)ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ငွေဒင်္ဂါး(၃၃၃)ပြား၏ အလေးချိန်အရ ကာလတန်ဖိုး ကျပ် ၁၅၆၅၅၆၄၀/- (ကျပ် တစ်ရာငါးဆယ် ခြောက်သိန်း ငါးသောင်း ငါးထောင် ခြောက်ရာ့ လေးဆယ်တိတိ/-)၊ ခေတ်ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၈၀)% ကျပ် ၁၂၅၂၄၅၁၂/- (ကျပ် တစ်ရာနှစ်ဆယ်ငါးသိန်းနှစ်သောင်းလေးထောင် ငါးရာ တစ်ဆယ့်နှစ်တိတိ/-)၊ ခေတ်လက်ရာဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၈၀%) ကျပ် ၁၂၅၂၄၅၁၂/- (ကျပ် တစ်ရာနှစ်ဆယ်ငါးသိန်းနှစ်သောင်းလေးထောင် ငါးရာ တစ်ဆယ့်နှစ် တိတိ/-)၊ ရှားပါးလက်ရာထပ်ဆောင်း ဆုကြေးအဖြစ် ကာလတန်ဖိုး၏ (၅၀%) ကျပ် ၇၈၂၇၈၂၀/- (ကျပ် ခုနစ်ဆယ်ရှစ်သိန်း နှစ်သောင်းခုနစ်ထောင် ရှစ်ရာ့နှစ်ဆယ်တိတိ/-) စုစုပေါင်း ဆုကြေးငွေ ကျပ် ၄၈၅၃၂၄၈၄/- (လေးရာရှစ်ဆယ့်ငါးသိန်း သုံးသောင်းနှစ်ထောင် လေးရာ့ ရှစ်ဆယ့်လေးတိတိ/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ရွှေ (၃၁၄၄)၊ ငွေ (၈၅၃)၊ ကြေး (၉၄၉)၊ အခြား (၂၈၆၆၉) စုစုပေါင်း (၃၃၆၁၅)ခုအား ဆုကြေးချီးမြှင့်ငွေ ကျပ် ၅၉၈၆၇၉၀၇၂/-(ငါးထောင့် ကိုးရာ ရှစ်ဆယ့်ခြောက်သိန်း ခုနစ်သောင်း ကိုးထောင့် ခုနှစ်ဆယ့်နှစ်တိတိ)အား ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူ (၄၅၉) ဦးထံသို့ ဆုကြေးများ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်းသတင်းရရှိပါသည်။
![]()