ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိရှေးဟောင်းအဆောက်အအုံများ နှင့် ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေတို့ကို လှည့်လည်စစ်ဆေး

ပုဂံမြို့၊ ဇွန်  ၅

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ လိုက်ပါလျက် (၅.၆.၂၀၂၆) ရက်နေ့တွင် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ နှင့် ရှေးဟောင်းရေလမ်းကြောင်းနှင့် ရေကန်များ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ  ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၅.၆.၂၀၂၆)ရက်နေ့နံနက်ပိုင်းတွင်ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊  ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်း နှင့် ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  တာဝန်ရှိသူများက လုပ်ငန်းများ  အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအလိုက် အရည်အသွေးပြည့်မီစေရေး စနစ်တကျဆောင်ရွက်ရန်၊ ဈေးဆိုင်များ စနစ်တကျ နေရာချထားရန်၊ ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူ မပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိမွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက် အဓိပ္ပာယ် ပြန်ဆိုမှုများကိုပါ ပြသသွားရန်  မှာကြားပါသည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာဟောင်းကြီးရေကန်နှင့် Buddhist Complex သို့ ရောက်ရှိခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ မှ တာဝန်ရှိသူများက ရွာဟောင်းကြီးရေကန်တူးဖော်ထားမှုအခြေအနေနှင့် Buddhist Complex တူးဖော်ဆောင်ရွက်ခဲ့မှုအဆင့်ဆင့်၊ တူးဖော်တွေ့ရှိသည့် အထောက်အထားများ  စနစ်တကျ ထိန်းသိမ်းထားမှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရွာဟောင်းကြီး Buddhist Complex သည် ပုဂံဒေသရှိ ဘုန်းတော်ကြီးကျောင်းအစုအဝေးများ၏အင်္ဂါရပ်နှင့်အညီ မဟာရံ တံတိုင်းကြီးအတွင်း၌ စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းတိုက်၊ ရေကန်နှင့် ရေတွင်း အစရှိသည့် ရှေးဟောင်းအဆောက်အအုံများ တစ်စုတစ်ဝေးတည်း တည်ရှိခြင်း၊ ပုဂံဒေသသည် ထေရဝါဒဗုဒ္ဓ ဘာသာစည်ပင်ပြန့်ပွားခဲ့ရာ ရှေးဟောင်းမြို့တော်တစ်ခုအဖြစ်ဖော်ညွှန်းနိုင်သည့် ဗုဒ္ဓကျောင်းတော်ကြီး များတွင် ရွာဟောင်းကြီး Buddhist Complex သည်လည်း တစ်ခုအပါအဝင် ဖြစ်ခြင်းတို့‌ကြောင့်  ဆက်လက်သုတေသနပြု ဖော်ထုတ်ရန်၊ တူးဖော်တွေ့ရှိသည့် သိမ်တိုင်များကို ဒေသထွက်ပစ္စည်း များဖြင့် အမိုးပြုလုပ်ပြသရန်နှင့် ရေရှည်တည်တံ့ကြံ့ခိုင်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ရွှေနန်းရင်တော်ကန်-၁ ရေကန် ဆယ်ယူ ထိန်းသိမ်းထားမှုအ‌ခြေအနေ၊ ဓမ္မရံကြီးဂူဘုရား နှင့် စူဠာမဏိဂူဘုရား ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားမှုအခြေအနေ၊ ဖိုးသူတော်ကန် နှင့်  ညောင်လက်ဖက်ကန်တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်း အဆောက်အအုံ များနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေးအတွက် ရှေးဟောင်း ရေစီးကြောင်း များတွင် ပိတ်ဆို့မှု ရှိ၊ မရှိ၊ ရေစီးရေလာကောင်းမကောင်း ကြိုတင်စစ်ဆေး ဆောင်ရွက်ရန်၊ ရှေးဟောင်းရေကန်များသို့ ရေဝင်ရောက်မှုကို စောင့်ကြည့်၍ ရေသိုလှောင်ထားနိုင်မှု ၊ နှစ်စဉ်မိုးရေချိန် နှင့် ရွာသွန်းမှုတို့ကို တွက်ချက်၍ ရေကြီး၊ ရေလျှံမှု မဖြစ်စေရေး ကြိုတင် ဆောင်ရွက်ရန်၊ ဓမ္မရံကြီး နှင့် စူဠာမဏိဂူဘုရားများ တံတိုင်းအတွင်းတွင် လည်း ရေမဝပ်အောင် ရှေးဟောင်းရေထွက်ပေါက်များမှ ရေထွက်နိုင်ရန် စစ်ဆေးဆောင်ရွက်ရန်၊ ဘုရားများ၏အပေါ် ပေါင်းမိုးများမှ အုတ်အချို့ ဆွေးမြေ့ နေမှုနှင့်အက်ကြောင်းများအစားထိုးဖာထေးပြုပြင်ထိန်းသိမ်းရန်၊ ရှေးဟောင်းဘုရားများသို့ ပြည်သူများ နှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက် ပြုပြင်ထားရန်၊ ပတ်ဝန်းကျင် ရှေးဟောင်းမြင်ကွင်းပေါ်လွင်အောင် ပေါင်းပင်များ၊ ကန္တာရတောများ၊ အမြဲမပြတ် ရှင်းလင်းပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Loading