၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော်                               ဇွန် ၁၂

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုံးအမှတ်(၃၅)၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ယနေ့ နေ့လယ် ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မြင့်၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဗိုလ်ချုပ်မင်းသူ၊ အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟို ကော်မတီ အဖွဲ့ဝင် ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးထွန်းထွန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထွန်းမြတ်ရွှေ နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် အာဇာနည်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် အရေးကြီးဆုံး နေ့များအနက် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများသည် နိုင်ငံနှင့်လူမျိုးအတွက် အသက်သွေးချွေးတို့ဖြင့် စွန့်လွှတ်အနစ်နာခံမှုများကို အောက်မေ့သတိရ စေရန်နှင့်ရရှိခဲ့သော လွတ်လပ်ရေးအမွေကို ယနေ့မျိုးဆက်သစ်များက တန်ဖိုးထား ထိန်းသိမ်း နိုင်ရန်အတွက် အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၇၉)နှစ် ပြည့်မြောက်တော့မှာဖြစ်ပါကြောင်း၊ အာဇာနည်နေ့အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန် နိုင်ငံတော်သမ္မတရုံးက ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်‌ ဆောင်ရွက်သည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်‌ ဆောင်ရွက်သည့် လုပ်ငန်းကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လုံခြုံရေးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် အခန်းကဏ္ဍ အလိုက် သေချာစွာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည့် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားအတွက် လိုအပ် သည့် အခမ်းအနားပြင်ဆင်မှုများကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်ဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြမည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုများအပါအဝင် တက်ရောက်လာကြသူများအား ကြိုဆိုနေရာ ချထားရာတွင် လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဂါရဝပြုသည့်အဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်/အထွက် အချိန်ကိုက်ဖြစ်စေရေး ဆောင်ရွက်ကြ ရန်ဖြစ်ပါကြောင်း၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တွင် အလံတင်ခြင်းနှင့် အလေးပြု အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်စနစ်တကျလေ့ကျင့်မှုများ ဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အခန်းနှင့် အစည်းအဝေး ခန်းမတို့ကို ယခင်နှစ်များအတိုင်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက် ထားရှိရန် ဖြစ်ပါကြောင်း၊ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲ ပြုလုပ်မည့် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်တို့ကို အဆောက် အအုံကြံ့ခိုင်မှုရှိစေရေး၊ အသုံးအဆောင်ပစ္စည်းများ ယခင်နှစ်အတိုင်း ပြသနိုင်ရေး ခြံဝန်းအတွင်း စိုက်ပျိုးသီးနှံများနှင့်တကွ သပ်ရပ်တင့်တယ်စေရေးအတွက် ဆောင် ရွက်ကြဖို့ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့်လည်း တက္ကသိုလ်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာ ကျောင်းများတွင် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် စာစီစာကုံး ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်သွားရန်အတွက် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားကြရန်ဖြစ်ပါကြောင်း၊ အလားတူ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် အာဇာနည်နေ့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အများပြည်သူ တို့ သိရှိစေရန် ယခင်နှစ်များနည်းတူ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ ရုပ်ရှင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ သီချင်းများ၊လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သည့် မှတ်တမ်းများ၊ ဓာတ်ပုံများ စသည်တို့ကို သတ်မှတ်ထားသည့် အချိန်အတွင်း ထုတ်လွှင့်လှုံ့ဆော် ပေးရန်ဖြစ်ပါကြောင်း၊ (၇၉)နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကိုရည်စူး၍ နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင် ယခင်နှစ်များနည်းတူ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့်အနေနှင့် စနစ်တကျ သေချာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဟင်းလျာများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းလျာများ ချက်ပြုတ်ဆက်ကပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်နည်းတူ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် စစ်ဆေးပေးရန်ဖြစ်ပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ အား လွမ်းသူ့ပန်းခွေချအလေးပြုရာတွင် ဝါစဉ်အလိုက် ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ဆောင်ရွက်ရာ၌ ပြည်ထောင်စုအင်္ဂါစဉ်အတိုင်းဖြစ်စေရန်နှင့် နိုင်ငံခြားသံရုံးများကိုလည်း ဝါစဉ်အတိုင်း စနစ်တကျ ပန်းခွေချနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးမှတစ်ဆင့် အာဇာနည်နေ့အခမ်းအနားကို စနစ်တကျ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အာဇာနည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ ဆပ်ကော်မတီဖွဲ့စည်းမှုများ နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်က ဆပ်ကော်မတီ အလိုက် ဆောင်ရွက်မည့်အစီအစဉ်နှင့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊   အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း က အာဇာနည်နေ့အခမ်းအနားကျင်းပမည့်အစီအစဉ်များနှင့်လွမ်းသူ့ပန်းခွေချအလေးပြုအခမ်း အနား ကျင်းပမည့်အစီအစဉ်များကိုလည်းကောင်း ၊ ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အာဇာနည်နေ့တွင် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် နေပြည်တော် ကောင်စီဝင် ဦးထွန်းထွန်းက အာဇာနည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို လည်း ကောင်း၊ ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထွန်းမြတ်ရွှေက အခမ်းအနားနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိ မှုများကိုလည်းကောင်း၊ ကျန်တက်ရောက်လာသူများက ၎င်းတို့နှင့်သက်ဆိုင်သည့် ကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ၁၄:၄၅ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Loading