“သမိုင်းအစ ယဉ်ကျေးမှုက” ခေါင်းစဉ်ဖြင့် သမိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မိမိတို့နိုင်ငံသည် နှစ်ပေါင်းထောင်ချီ ခိုင်မာသည့် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ဘိုးဘေးဘီဘင်များ ထိန်းသိမ်းခဲ့သည့် ဗိသုကာလက်ရာများ၊ စာပေ ယဉ်ကျေးမှုနှင့် သမိုင်းပုံရိပ်များသည် ယနေ့ခေတ်လူငယ်များ၏ ရင်ထဲမှာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေဖို့ အကောင်းဆုံးသောတွန်းအားများဖြစ်ပါကြောင်း၊ ဒါကြောင့် သမိုင်းကပေးသည့် သင်ခန်းစာများကိုလည်း အစဉ်အမြဲသတိတရရှိနေပြီး မိမိနိုင်ငံ၊ မိမိလူမျိုးကို ဂုဏ်ယူချစ်ခင်မြတ်နိုးစိတ်တွေ ရှင်သန်နေရန်လိုအပ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် နှစ်ပေါင်းသန်းလေးဆယ်က ပရိုင်းမိတ်ကို ပုံတောင် ဒေသတွင် တွေ့ရှိခဲ့ကြောင်း၊ ထိုပရိုင်းမိတ်ကို ပြတိုက်တွင် ပြသထားပါကြောင်း၊ ထိုပရိုင်းမိတ် များ၏ နောက်ကွယ်တွင် ရှိနေသည့် အဓိပ္ပာယ်သည် မြန်မာဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း သန်းလေးဆယ်ကတည်းက ရှိနိုင်ခဲ့သည်ဆိုသောကြောင့် မိမိတို့၏ ဇာတိပုည၊ ဂုဏ်မာနကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လူသားဆိုပြီးဖြစ်လာသည့်အချိန်တွင်လည်း ယခင်က အာဖရိက ကစခဲ့သည်ဟုကြားခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ပညာရှင်များ အားလုံးပေါင်းစပ်၍ ရှာဖွေမှုများ၊ တူးဖော်မှုများ၊ သုတေသနများ ပြုလုပ်ကြသည့်အခါ Pondaungian, Anyathian စသည်ဖြင့် တွေ့ရှိမှုများမှ မိမိတို့အနေဖြင့် အခြားသူများထက် နောက်မကျဘူးဆိုသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့အတွက် သမိုင်းတွင် ဖျောက်ဖျက် ၍မရသော ကိစ္စများဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပရိုင်းမိတ်ကစ၍ ခေတ်နောက်မကျ ခဲ့ကြောင်း၊ လူသားဖြစ်တည်မှုတွင်လည်း အများနှင့်ခေတ်ပြိုင်ဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်း civilization ဖြစ်လာသည့်အခါ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှု၊ မက်ဆိုပိုတေးမီးယား၊ ဘေဘီလုံ ယဉ်ကျေးမှု စသည့်ယဉ်ကျေးမှုများနှင့် မရှေးမနှောင်းတွင် မိမိတို့၏ ပျူခေတ်ယဉ်ကျေးမှု သည်လည်း စတင်ခဲ့ကြောင်း၊ ထိုသို့ ဘီစီ ၂ ရာစု၊ ၃ ရာစုများတွင် စတင်ခဲ့ကြောင်းကို လူငယ်၊ လူကြီးများကို သိစေလိုခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ယဉ်ကျေးသည့်လူမျိုးဖြစ်ကြောင်း၊ ယဉ်ကျေးမှုလူမျိုးအနေဖြင့် civilization ဖြစ်လာသည်ကို လူငယ်များကို လက်ဆင့်ကမ်းဖို့ လိုကြောင်း၊ ယနေ့ပြုလုပ်သည့်ပွဲသည် သမိုင်းအစ ယဉ်ကျေးမှုကဆိုသောကြောင့် သမိုင်းသည် ယဉ်ကျေးမှုက စခဲ့သည်ဆိုခြင်းကို ပြောလိုကြောင်း၊ ယနေ့ဟောပြောမည့် “သမိုင်းအစ ယဉ်ကျေးမှုက”ဟောပြောပွဲမှတစ်ဆင့် သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတ များကို ပိုမိုနက်ရှိုင်းစွာ သိရှိနိုင်ကြမှာဖြစ်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုးကို တန်ဖိုးထားချစ်ခင်သော နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်များ ပိုမိုခိုင်မာလာစေမယ်လို့ ယုံကြည်ပါကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာသူများအားလုံးအတွက် အသိပညာတိုးပွားစေမည့် အကျိုးရှိသည့် အခမ်းအနား တစ်ရပ်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သမိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

သမိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲအစီအစဉ်တွင် မြန်မာသမိုင်းအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှက “သမိုင်းအစ ယဉ်ကျေးမှုက” ခေါင်းစဉ်ဖြင့် မြန်မာ့မြေပေါ်တွင် လူသားတို့အခြေချနေထိုင်ခဲ့သောလွန်ခဲ့သော နှစ်သန်းပေါင်း ၄၀ မှစတင်ပြီး ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူ၊ ပုဂံခေတ်စသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုအဆင့်ဆင့်ထွန်းကား တိုးတက်ပြောင်းလဲသော သမိုင်းဆိုင်ရာအကြောင်းအရာများကို ဟောပြောဆွေးနွေးရာ တက် ရောက်လာကြသော အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် အခြေခံကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှအား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ တက္ကသိုလ်နှင့်အခြေခံကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ (၄၀၀) ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။
![]()