ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)နှင့် အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တို့အား ကြည့်ရှုစစ်ဆေး

ရန်ကုန်                                                                                        ဇွန်လ ၁၅ ရက်

              ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Arts Center-Yangon)သို့ ရောက်ရှိကာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် Myanmar Land and Development Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ခြင်းလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်း(၃)ပိုင်း ရှိပါကြောင်း၊ အပိုင်း(၁)အနေဖြင့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံတွင် ဆက်လက်ဆောင်ရွက်ရမည့် ဘေး အကာ နံရံများ ကာရံခြင်း၊ ဆောင်ရွက်ရန်ကျန်ရှိနေသော Steel Column များ၊ အမိုး အသစ်မိုး ခြင်းလုပ်ငန်းနှင့် အမိုးအဟောင်းများ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

             ဆက်လက်ပြီး အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံ တည်ဆောက်ရခြင်းနှင့်စပ်လျဉ်း၍ အဆောက်အအုံ ဒီဇိုင်းများ၊ ဗိသုကာပုံစံများ၊ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို Power Point နှင့် ရှင်းလင်းတင်ပြပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟို ဌာန(ရန်ကုန်)အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အသံစနစ်များ ကောင်းမွန် ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

             အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှလာရောက်သော ယဉ်ကျေးမှုပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေး ဂီတဆိုင်ရာဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ အနုပညာဆိုင်ရာ ပညာပေး ဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များ အနေဖြင့် မိမိတို့၏အနုပညာရပ်များကို ကမ္ဘာသို့ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာ အသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်ပါသည်။

            နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၃၁)၊ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မှာကြားရာ တွင် ယဉ်ကျေးမှုကဏ္ဍကိုမြှင့်တင်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရန်၊ ဝန်ထမ်းကျင့်ဝတ် နှင့်အညီ နေထိုင်ကြရန်၊ နည်းပြဆရာများအနေဖြင့် မိမိတတ်ကျွမ်းသည့် ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးရန်၊ ချင်းချောင်းအဆောက်အအုံအား နောင်တွင် အမျိုးသားအနုပညာပြတိုက်အဖြစ် ပြသနိုင်ရေးနှင့် အနုပညာအထက်တန်းကျောင်းဝင်းအား ယဉ်ကျေးမှုခရီးသွားနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်တျာဌာနနှင့် ပန်းချီပန်းပု ဌာနများတွင် ဘာသာရပ်ဆိုင်ရာသင်ကြားနေမှုများနှင့် အနုပညာအထက်တန်း ကျောင်းဝင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading