ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) လောကနတ်ခန်းမ၌ ကျင်းပရာ ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများ တက်ရောက်ကြသည်။

            အဆိုပါ အခမ်းအနားတွင် မိမိတို့ဒေသအသီးသီးမှ တွေ့ရှိရသော ရှေးဟောင်းဝတ္ထု ပစ္စည်းများကို နိုင်ငံတော်သို့ လာရောက်အပ်နှံခဲ့ကြသည့် တာဝန်သိပြည်သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းအတွက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်အမှာစကား ပြောကြားရာတွင် ဝါသနာအရ စုဆောင်းထားရှိသည့် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရန် အလို့ငှာ ပျက်စီးပျောက်ဆုံးမှု မရှိစေရန်သော်လည်းကောင်း၊ တရားမဝင် ခိုးယူရောင်းချခြင်းများ မရှိစေရန်သော်လည်းကောင်း နောင်လာနောက်သားများ လေ့လာနိုင်ရန်နှင့် နိုင်ငံတော်က စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အသိ စိတ်ဓာတ်ပြည့်ဝစွာဖြင့် လာရောက်အပ်နှံပေးခဲ့ကြသည့် တာဝန်သိပြည်သူတစ်ဦးချင်းစီအား နိုင်ငံတော်နှင့် ဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ယခုကဲ့သို့ အပ်နှံခြင်းသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် လူထု၏ ရှေးဟောင်းပစ္စည်းများအပေါ် တန်ဖိုးထားရှိမှုဖြင့် အပ်နှံလိုစိတ်ရှိသည်ကိုလည်း ချီးကျူး ပါကြောင်း၊  ယခုကဲ့သို့ တာဝန်သိသိဖြင့် မိမိနိုင်ငံ၏ ဘိုးဘွားအမွေအနှစ် ရှေးဟောင်းပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသည့်အတွက်လည်း နိုင်ငံတော်က ပြန်လည်ဂုဏ်ပြုဆုငွေများ ချီးမြှင့် ရခြင်းဖြစ်ပါကြောင်း၊ ဆုကြေးငွေများ တွက်ချက်ရာတွင် မူလတန်ဖိုးများအပြင် ကျောက်ခေတ် ခေတ်ကာလတန်ဖိုး ၁၀၀ %၊ ခေတ်လက်ရာတန်ဖိုး ၄၀ % မှ ၈၀ % ဆိုပြီး ထပ်ဆောင်းတန်ဖိုးများပါ ချီးမြှင့်ပေးပါကြောင်း  ပျူခေတ်လက်ရာ ပစ္စည်းများဆိုပါက ခေတ်ကာလတန်ဖိုး ၈၀ %၊ ခေတ်လက်ရာ တန်ဖိုး ၄၀ % မှ ၈၀ %အထိ ထပ်ဆောင်းတန်ဖိုးပါ ချီးမြှင့်ပေးပါကြောင်း၊ ထူးခြား ရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ၄၀ % မှ ၈၀ % အထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် အနည်းဆုံးခေတ်ကာလ ပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေးငွေများ တွက်ချက်ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ရှေးဟောင်း ပစ္စည်းအပ်နှံမှုအတွက် နိုင်ငံတော်က ဂုဏ်ပြုဆုကြေးငွေများ ချီးမြှင့်ပေးနိုင်ရန်အတွက် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် နည်းဥပဒေများပါ ထည့်သွင်းပြဋ္ဌာန်းခဲ့ကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများတွေ့ရှိခြင်း၊ စုဆောင်းထားရှိရန်အတွက် တရားဝင် ကိုယ်ပိုင်ထိန်းသိမ်းခွင့်ပြုထားပါကြောင်း၊ ထို့ပြင် တရားမဝင် ရောင်းချမှုများရှိပါက နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးရသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်များဖြင့် အရေးယူခံရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိခဲ့ပါကယခုလို နိုင်ငံတော်သို့ အပ်နှံမည်ဆိုလျှင် ဂုဏ်ပြုခံရမည် ဖြစ်သကဲ့သို့ မူလတန်းဖိုးထက် များပြားသည့် ဆုကြေးငွေများ ရရှိခံစားရမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

            ယခုအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြို့တွင်းကျေးရွာမှ ဦးသန်းဇော်က ဝါသနာအရ စုဆောင်းထားရှိသော ကျောက်ခေတ်၊ ကြေးခတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ ကုန်းဘောင် ခေတ်လက်ရာများဖြစ်သော  ကျောက်၊ ကြေး၊ သံ၊ ရွှေ၊ ငွေ၊ မြေနှင့်အရိုးတို့ဖြင့် ပြုလုပ် ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း (၃၁၃)ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလ တန်ဖိုး ကျပ် (၈၆၄၇၇၆၇/-)၊ ခေတ်ကာလတန်ဖိုး  ကျပ်(၆၇၁၃၂၅၉/-)၊ ခေတ်လက်ရာတန်ဖိုး ကျပ်(၃၆၃၅၁၈၁/-) ၊ ထပ်ဆောင်းတန်ဖိုး ကျပ်(၁၅၅၄၄၁၀/-) စုစုပေါင်း ကျပ်(၂၀၅၅၀၆၁၇/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်း ကျေးရွာမှ  ဦးဝင်းမင်းထွန်းက ဝါသနာအရ စုဆောင်းထားသည့် ကြေးခေတ်လက်ရာများဖြစ်သည့် ကြေးလက်နက်(၉၈)ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ကျပ် (၁၃၅၆၀၀၀/-)၊ ခေတ်ကာလတန်ဖိုး ကျပ် (၁၂၂၀၄၀၀/-) ၊ ခေတ်လက်ရာတန်ဖိုး ကျပ်(၅၄၂၄၀၀/-) စုစုပေါင်း ကျပ်(၃၁၁၈၈၀၀/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရှားတောကျေးရွာမှ ဦးနိုင်လင်းက ဝါသနာအရ စုဆောင်းထားသည့် ကြေးခေတ်၊ သံခေတ်၊ ပျုခေတ်၊ ပုဂံခေတ်၊ ဟံသာဝတီခေတ် လက်ရာများဖြစ်သော ကျောက်၊ ကြေး၊ သံနှင့်မြေထည်တို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း (၁၂၅) ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ကျပ်(၈၀၀၆၀၀/-)၊ ခေတ်ကာလတန်ဖိုးကျပ်(၆၀၁၉၄၀/-)၊ ခေတ်လက်ရာတန်ဖိုး ကျပ်(၃၃၃၆၄၀/-) စုစုပေါင်း ကျပ်(၁၇၃၆၁၈၀/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပန်းခင်း (၃) လမ်းမှ ဦးဝင်းကိုကိုက ကြေးခေတ် လက်ရာများဖြစ်သည့် ကြေးနှင့် အရိုးတို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း (၃၆) ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ကျပ်(၃၉၂၀၀၀/-)၊ ခေတ်ကာလတန်ဖိုး ကျပ်(၃၅၂၈၀၀/-)၊ ခေတ်လက်ရာ တန်ဖိုး ကျပ်(၁၅၆၈၀၀/-) စုစုပေါင်း ကျပ်(၉၀၁၆၀၀/-) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ထို့နောက် ရှေဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခဲ့သူများက တစ်ဦးချင်းစီအလိုက် အပ်နှံခဲ့သည့် အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်က ဆုကြေးငွေများ ပြန်လည်ချီးမြှင့်ခဲ့ခြင်း အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Loading