အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာအထူးပြုဖြင့် ပညာသင်ယူနေကြသော ဘွဲ့ကြိုတန်း စတုတ္တနှစ်နှင့် မဟာဝိဇ္ဇာတန်း (ဒုတိယနှစ်) တို့မှ ကျောင်းသား၊ ကျောင်းသူများ နှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမများသည် သင်ကြားရေး၊ သင်ယူရေးအထောက်အကူပြုအဖြစ် လည်းကောင်း၊ သင်ရိုးညွှန်း တမ်းပါ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သည့်အနေဖြင့်လည်းကောင်း၊ မန္တလေးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာ ခြင်း၊ အနုပညာ လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ Art Work များဖန်တီး၊ ထုလုပ်၊ ရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ဘွဲ့ကြိုတန်း စတုတ္ထနှစ်နှင့် မဟာဝိဇ္ဇာတန်း (ဒုတိယနှစ်)တို့မှ ကျောင်းသား၊ ကျောင်းသူများသည် မန္တလေးတိုင်း ဒေသကြီးသို့ ၂၃-၆-၂၀၂၆ ရက်နေ့မှ ၂၆-၆-၂၀၂၆ ရက်နေ့အထိ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြ ပါသည်။
၂၃-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာလာပြီး မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသ ကြီးရှိ ဝေရောစနကျောက်စိမ်းစေတီတော်၊ ဦးပိန်တံတားနှင့် တောင်သမန်းအင်း၊ သမိုင်းဝင်ရွှေစာရံစေတီ တော်သို့ သွားရောက်ဖူးမြော် လေ့လာခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၌ ညအိပ် ရပ်နားခဲ့ကြပါသည်။
၂၄-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (မန္တလေး)၌ ယဉ်ကျေးမှုအနုပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ကျင်းပရာ အစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား ခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက မုဒိတာစကားပြောကြားခြင်းနှင့် ဂုဏ်ပြု ဆုငွေ၊ လက်ဆောင် ပန်းစည်းတို့ကို ပေးအပ်ခြင်း၊ တက္ကသိုလ်(၂)ခု၏ ဂီတနှင့် သဘင်ပညာ ဌာနတို့က မဉ္ဇူသကခန်းမ၌ အနုပညာပူးပေါင်း ဖျော်ဖြေတင်ဆက်ခြင်း၊ ပန်းချီပညာ ဌာန၊ ပန်းပုပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာပညာဌာနတို့က ဌာနအလိုက် Art work များ ပူးပေါင်း ဆောင်ရွက် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

လေ့လာရေးခရီးစဉ်အတွင်း ၂၄-၆-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပန်းချီဆရာကြီး ဦးစိန်မြင့် စုဆောင်းထားရှိသော အနုပညာပြခန်းနှင့် ရွှေချည်ထိုးလုပ်ငန်းနေအိမ်သို့ သွားရောက်လေ့လာခြင်း၊ ရွှေနန်းတော်ကျောင်းနှင့် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး စူဠာမုနိရုပ်ရှင်တော် မြတ်ကြီး၊ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရားနှင့် နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရား၊ မန္တလေးတောင်တို့သို့ သွားရောက်ဖူးမြော်ခြင်း၊ အနုပညာ လက်ရာများကို လေ့လာခြင်းဆောင်ရွက်ခဲ့ကြပါသည်။

၂၅-၆-၂၀၂၆ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ မဟာဆုတောင်းပြည့်နှီးဘုရားကြီး၊ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်နှင့် မဟာအံ့ထူးကံသာဆုတောင်းပြည့်မြတ်စွာဘုရားအား ဖူးမြော်ခြင်း၊ ပွဲကောက် ရေတံခွန်အပန်းဖြေစခန်းနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြပါ သည်။
၂၆-၆-၂၀၂၆ ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ ရွှေသိမ်တော်မြတ်စွာဘုရားအား သွားရောက် ဖူးမြော် လေ့လာခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။
![]()