အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့်ဘာသာရပ်ဆိုင်ရာ၊ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ဇူလိုင်လ၊ ၁၆ ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်က သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ စာတမ်းသဘာပတိများ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ စာတမ်းရှင်များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ သုတေသနမူဝါဒ(၄)ချက်ဖြစ်သည့် သုတေသနသည် သင်ကြားရေး၏ အသက်သွေးကြောဖြစ်၍ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊ အရည် အသွေးပြည့်မီသော သုတေသနရလဒ်ကောင်းများ ဖြစ်ထွန်းလာရေး၊ အရည်အသွေးပြည့်မီ၍ ပီပြင်သောသုတေသနဂျာနယ်ထုတ်ဝေနိုင်ရေး၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ကို သုတေသနရပ်ဝန်း (Research Environment) တစ်ခု အဖြစ် ထူထောင်နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ် တစ်ခုတွင် သုတေသနပြု လုပ်ငန်းများ မရှိမဖြစ်လိုအပ်သကဲ့သို့ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ သုတေသနရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချ နိုင်စေရေးနှင့် သုတေသနရလဒ်များမှတစ်ဆင့် ယဉ်ကျေးမှုအနုပညာရပ်နယ်ပယ် ဖွံ့ဖြိုး တိုးတက်စေရေးကိုရည်ရွယ်၍ တက္ကသိုလ်အဆင့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သုတေသနစာတမ်းစာအုပ်၊ မဟာဂီတဆိုင်ရာ စာအုပ်များနှင့် အခါအားလျော်စွာ ကျင်းပပြုလုပ်သည့်ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖတ်ကြားတင်သွင်းသောစာတမ်းများ၊ ‌ဟောပြောဆွေးနွေးပွဲဆိုင်ရာ စာအုပ် များကိုလည်း ထုတ်ဝေဖြန့်ချိနေသည်ဟု သိရှိရကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)ကို “မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုအသိုက်အဝန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသည့် အနုသုခုမဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် များ မွေးထုတ်ပေးနေသည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖြစ်လာစေရန်” မျှော်မှန်း ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ဖတ်ကြားမည့်စာတမ်းများသည် တက္ကသိုလ်၏ သင်ကြားရေးနှင့် သုတေသနလုပ်ငန်း လိုအပ်ချက်များနှင့်အညီ ထွက်ပေါ်လာသည့် စာတမ်း များဖြစ်သောကြောင့် တက္ကသိုလ်၏ အရည်အသွေးနှင့် ဂုဏ်သိက္ခာကို ပိုမိုမြင့်မားလာစေရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်ရင်းသားလူမျိုးရေးရာ ဝန်ကြီး  ဦးနေမင်းထွန်းက မုဒိတာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တို့သည် နိုင်ငံတော်အဆင့် ယဉ်ကျေး မှုဆိုင်ရာ ပြပွဲ၊  ပြိုင်ပွဲ၊  ဖျော်ဖြေတင်ဆက်ပွဲ အခမ်းအနားပေါင်းများစွာကို  အတူတကွ ပူးပေါင်းလက်တွဲပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ဤအောင်မြင်မှုများသည် နိုင်ငံတော်၏  လူမှုရေးကဏ္ဍနှင့် အမျိုးသားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ ကြောင်းကို သိသာထင်ရှားစေကြောင်း၊ တက္ကသိုလ်၏အနုပညာအရည်အချင်း၊ စီမံခန့်ခွဲမှု စွမ်းရည်၊ ယဉ်ကျေးမှုအပေါ် ချစ်မြတ်နိုးတတ်မှုများကို ကြားသိ မြင်တွေ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  တက္ကသိုလ်၏ပညာရေးမြှင့်တင်ရေးမှာ ပြောင်းလဲလာ သည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့်  ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များနှင့် အညီ တက္ကသိုလ်အဆင့် ဘာသာရပ်ဆိုင်ရာ သု‌တေသနစာတမ်းဖတ်ပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ သည့် အတွက် တက္ကသိုလ်၏ အရည်အသွေးနဲ့ဂုဏ်သိက္ခာကို   အထောက်အကူဖြစ်မည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားသည်။ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ သုတေသနစာတမ်းဖတ်ပွဲကိုကျင်းပရာ ဂီတပညာဌာနမှ ဦးအောင်ဇော်ထွေး(ကထိက)က “မြန်မာ့မူဟန် စန္ဒရားတီးကွက်များလေ့လာခြင်း” စာတမ်းကို လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်စီမံ ခန့်ခွဲမှုပညာဌာနမှ ဒေါ်ညိုညိုယဉ်မောက် (ကထိက)က “တက္ကသိုလ်ပြတိုက် ဖော်ဆောင်နိုင် ရေးလေ့လာချက်” စာတမ်းကိုလည်း ကောင်း၊ သဘင်ပညာဌာနမှ ဦးမြင့်စိုးဦး (လက်ထောက်ကထိက)က “အမျိုးသား ကဗျာလွတ် အက ပထမဆင့်အား ခန္ဓာဗေဒရှုထောင့်မှ လေ့လာခြင်း” စာတမ်းကိုလည်းကောင်း ဖတ်ကြား ခဲ့ကြသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ပညာရှင်ကြီး များနှင့် စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

Loading