ရန်ကုန်၊ ဇူလိုင် ၂၆
ဟိုတယ်ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၌ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ၊ အမြဲတမ်း အတွင်းဝန် ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရုပ်သေးပညာရှင်ကြီးများ၊ သင်တန်းအတွက် ကူညီပံ့ပိုးပေးသူများ၊ သင်တန်းသားသင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များနှင့်အတူ အခမ်းအနားကိုမောင်းတီး၍ဖွင့်လှစ်သည်။ ထို့နောက် ဟိုတယ်၊ခရီးသွားလာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် သင်တန်းအတွက် ကူညီပံ့ပိုးပေးသူများကို ပြည်ထောင်စုဝန်ကြီး ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အနုပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ကျေးဇူးတင်ဂုဏ်ပြုလွှာချီးမြှင့်ကြပြီး အနုပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရုပ်သေးကြိုးဆွဲအကဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ဆက်လက်၍ ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
![]()