နေပြည်တော်၊ ဩဂုတ်လ ၃ ရက်
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ကာ တိုးတက်ပျံ့ပွားရေးအတွက် လုပ်ဆောင်ခြင်းအား အမျိုးသားရေးတာဝန်အဖြစ် ခံယူလျက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းပျံ့ပွား စေရန်နှင့် အသိပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီ အချိန်တွင် အဆိုပါဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အနုသုခုမ ပညာရပ်ကို နှစ်သက်မြတ်နိုးသော သုတေသီများ တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေးလက္ခဏာ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးဂုဏ်သိက္ခာများသည် နိုင်ငံ၏ သမိုင်း၊ ဘာသာ၊ စာပေ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် လူနေမှုဘဝတို့အပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အမွေအနှစ် များကို မှတ်တမ်းတင်ခြင်း၊ သုတေသနပြုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်ဆင့်ကမ်းခြင်း တို့သည် နိုင်ငံတော်၏ ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသော တာဝန် တစ်ရပ်ဖြစ်ကြောင်း၊ သုတေသနရလဒ်များကို ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးချလျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများ တိုးတက် လာသည်နှင့်အမျှ ယဉ်ကျေးမှုအမွေအနှစ်များ၊ သုတေသနအချက်အလက်များအား ဒစ်ဂျစ်တယ် စနစ်ဖြင့် မှတ်တမ်းတင် ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် နိုင်ငံတကာပညာရပ်အသိုက်အဝန်းနှင့် ချိတ်ဆက် ဖလှယ်ခြင်းတို့ကို ပိုမိုဆောင်ရွက်သင့်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ထိုနောက် စာတမ်းဖတ်ပွဲကိုကျင်းပရာ စာတမ်းရှင်များဖြစ်ကြသော မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးရန်နိုင်သိန်းက မြန်မာပြက္ခဒိန်၏ ယဉ်ကျေးမှုလက္ခဏာများ စာတမ်းကို လည်းကောင်း၊ ပန်တျာမြကြည်က မင်းသမီးတို့တတ်အပ်သော အတတ်ပညာ ၁၂ ရပ် စာတမ်းကို လည်းကောင်း၊ အလင်္ကာကျော်စွာရွှေကူနန်းနွဲ့နွဲ့က မြန်မာစာပေအနှစ်သာရများကို မဟာဂီတဖြင့် ဖော်ကျူးခြင်းစာတမ်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းကြပြီး သဘာပတိများအဖြစ် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်မြင့်၊ ပါမောက္ခ (ငြိမ်း) ဦးစုအောင်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်တို့က ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းခြင်းကို စာတမ်း ရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက စာတမ်းဖတ်ပွဲနှင့် ပတ်သက်ပြီး ခြုံငုံသုံးသပ်၍ နိဂုံးချုပ်အမှာစကားပြောကြားကာ သဘာပတိနှင့် စာတမ်းရှင်များကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
![]()