အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုအား ရေစက်ချသာဓုအနုမောဒနာ ခေါ်ဆိုပွဲအခမ်းအနားကို (၇-၈-၂၀၂၆) ရက်နေ့ (၁၀:၀၀) နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊  ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မ ရိပ်သာ ကျောင်းတိုက်ကြီးမှ ဆရာတော် သံဃာတော် (၅)ပါး တို့အား ပင့်ဖိတ်၍ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၅၀)ဦးခန့်  တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ် ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၈) ရပ်ကွက်၊ ပုလဲကျွန်းလမ်း ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ သဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဝိနယဝိဒူ ဒေါက်တာဘဒ္ဒန္တဓမ္မသာရ အရှင် သူမြတ်ထံမှ ဧည့်ပရိသတ်များ က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ် များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူခြင်း၊ သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ပန်းတစ်ပွင့်တောင် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူး သာသနဓဇဓမ္မာစရိယ ဒေါက်တာအဂ္ဂဝံသ အရှင်သူမြတ်က တရားချီးမြှင့်ခြင်း၊ ရေစက်ချ အမျှပေး ဝေခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားအစီအစဉ်ပြီးနောက် တက်ရောက်လာ ကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

Loading