ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားတက်ရောက်

မန္တလေး၊  ဩဂုတ်  ၂၁

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ နှစ်ပေါင်း(၁၀၀)နှင့်အထက် သက်တမ်း ရှိသည့် ဂုတ်ထိပ်တံတား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကို ဂုတ်ထိပ် တံတားတွင် ၂၁.၈.၂၀၂၆ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ညွှန်ကြားရေးမှူးချုပ် များ၊  ခရိုင်/မြို့နယ်နှင့် ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော  ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာအားဖြင့် ဟိုကွတ်ဟုခေါ်သောရွာကို မြန်မာတို့က ငုတ်ထိပ်ဟုခေါ်ဆိုရာမှ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသောအခေါ်မှာ ထိုနေရာဒေသတွင် မြစ်ချောင်းများ ကွယ်ပျောက်သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်၍ ကာလရွေ့လျားလာသောအခါ ငုတ်ထိပ်ကို ဂုတ်ထိပ်ဟူ၍ ပြောင်းလဲ ခေါ်တွင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်းဖောက်လုပ်ခဲ့ရာမှ မန္တလေးမှ လားရှိုးသို့လည်း မီးရထားလမ်းဖောက်လုပ်ရန် လိုအပ်ကြောင်း တွေ့ရှိလာခဲ့သဖြင့် ဂုတ်ထိပ်တောင်ကြားကူးတံတား (GOHTEIK VIADUCT)ကို အမေရိကန်နိုင်ငံ ပင်ဆီလ်ဗေးနီးယားနှင့် မေရီလန်တံတား ဆောက်လုပ်ရေးကုမ္ပဏီ (Pennsylvania and Maryland Bridge Construction Company) အား ငှားရမ်းကာ ဆောက်လုပ်စေခဲ့ကြောင်း၊ ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီး ခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း ၊ ကုန်ကျငွေမှာ ရူပီးငွေ(၁၆၉၈၂၀၀) ဖြစ်ပါ ကြောင်း၊ တံတားကြီးကို ၁၂၀ ပေ ခန်းဖွင့် ၁၀ ခု၊ ၆၀ ပေ ခန်းဖွင့် ၇ ခု၊ ၄၀ ပေ ခန်းဖွင့် ၁၆ ခု၊ စုစုပေါင်း ခန်းဖွင့် ၃၃ ခုပါပြီး သံမဏိထောက်တိုင် ၁၆ တိုင်ဖြင့် တည်ဆောက်ထားပါကြောင်း၊ အမြင့်ဆုံးတိုင်မှာ ၃၂၀ ပေမြင့်၍ အနိမ့်ဆုံးတိုင်မှာ ၄၅ ပေမြင့်ပြီး တံတားအရှည်မှာ ၂၂၆၀ ပေ ရှိပါကြောင်း၊ တံတားကို သံနှင့်သံမဏိတန်ချိန် (၄၃၁၁)တန်နှင့် သံမှိုပေါင်း (၁)သန်း သုံးစွဲ ခဲ့ကြောင်း၊ တံတားကြီးသည် အမြင့်(၄၅)ပေမှ (၃၂၀)ပေကြားထိ ကွဲပြားခြားနားသော သံမဏိ မြင်းခုံများဖြင့် ထောက်ထားလျက်ရှိပြီး၊ အမြင့်ဆုံးမြင်းခုံသည် ပေပေါင်း(၁၁၀၀) နက်ရှိုင်းသည့် သဘာဝပေါင်းကူး တံတားပေါ်တွင် တည်ဆောက်ထားသဖြင့် ထူးခြားလျက်ရှိကြောင်း၊ တံတား ကြီးမှာ လက်ရှိအချိန် ကာလအထိနှစ်ပေါင်း(၁၂၆) နှစ်ကြာမြင့်ခဲ့သည့် သက်တမ်းရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံစီးပွားရေးကို များစွာအထောက်အကူပြုခဲ့ပြီး စစ်ရေးမဟာဗျူဟာအရလည်း အရေးပါသောကြောင့် တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းပါကြောင်း၊ ဂုတ်ထိပ်တံတားကြီးနှင့် ပတ်ဝန်းကျင်ဟာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိုလည်း အထောက်အကူ ပြုစေမှာ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ရှေးဟောင်းအဆောက်အအုံ (၆၅) ခုကို နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်လျက်ရှိရာ ဂုတ်ထိပ်တံတားလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ဂုတ်ထိပ် တံတားကြီးသည် ကူးသန်းသွားလာရေးအတွက်သာမကဘဲ ဂုတ်ထိပ်တံတားမှ မြင်တွေ့ နိုင်သည့် ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုခင်းများကို ရှုမြင်ခံစားနိုင်သောကြောင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူပြုပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့မီးရထားကလည်း REB ရထားဖြင့် ပြင်ဦးလွင်- နောင်ချို – ဂုတ်ထိပ် ခရီးစဉ်အား ပြေးဆွဲ၍ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုတ်ထိပ်တံတားတွင် အမွှေးနံ့သာရည် ပက်ဖျန်း၍ ကမ္ပည်းမော်ကွန်းကြေးပြား(၃)ခု တပ်ဆင်ခဲ့ကြောင်းနှင့် ဂုတ်ထိပ်တံတားနှင့် ပတ်သက်၍ လာရောက်လေ့လာသူများ သိရှိလေ့လာနိုင်ရန်အတွက် သတင်းအချက်အလက်ဆိုင်းဘုတ် စိုက်ထူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Loading