ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နံနက် (၉) နာရီအချိန်တွင် သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး  ဦးဗိုလ်ဌေး၊  ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ အဆင့်မြင့်ပညာအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

          ပထမဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး  ဦးဗိုလ်ဌေးက အဖွင့်အမှာစကားပြောကြားရာမှာ “ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲကို မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိစေရေးတို့ကို ဦးတည်ရည်ညွှန်းပြီး ၁၉၉၃ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ်ဆိုလျှင် (၂၇)ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာ အဆင့်ပြိုင်ပွဲများကို ယနေ့ ၃-၉-၂၀၂၆ ရက်နေ့နဲ့ ၄-၉-၂၀၂၆ ရက်နေ့တို့မှာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်သိပ္ပံ (၁၇)ကျောင်းမှ ဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင်အင်အား ကျား(၁၃၆)ဦး၊ မ(၉၀) ဦး၊ စုစုပေါင်း (၂၂၆) ဦးနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် တိုင်းအဆင့် ကျင်းပသွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနုပညာ ယဉ်ကျေးမှုသည် ထိုနိုင်ငံ၏စွမ်းအား (Power) တစ်ခုဖြစ်ပါကြောင်း၊  တစ်ကမ္ဘာလုံး ပေါင်းစည်းဆက်စပ်ဖြစ်စဉ်များတွင် နည်းပညာ အသစ်အဆန်းများ မည်မျှအစွမ်းထက်သည် ဖြစ်စေ၊ ယဉ်ကျေးမှုကိုယ်ခံအားမကောင်းလျှင် ရေခြားမြေခြားသူတစ်ပါး၏ လွှမ်းမိုးခြင်းကို ခံရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာရိုးရာ အနုသုခုမပညာများကို ထိန်းသိမ်းမြှင့်တင် ခြင်းသည် ကိုယ်ခံစွမ်းအားကောင်းတစ်ခု တည်ဆောက်ခြင်းပင် ဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် အမျိုးသားယဉ်ကျေးမှုသုခုမအနုပညာများနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ပိုမိုခိုင်မာအောင် တည်ဆောက်သည့်ပြိုင်ပွဲကြီး ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်တွင် အခြေခံပညာ အဆင့်နှင့် အဆင့်မြင့်ပညာအဆင့်များကိုကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေနှင့် ရွှေတံဆိပ် (၃၀)ခု၊ ငွေတံဆိပ်(၂၁)ဆု၊ ကြေးတံဆိပ်(၈)ဆု၊ ဂုဏ်ပြုဆု(၁)ဆု၊ စုစုပေါင်း (၆၀)ဆုနှင့် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ အဆင့်မြင့်ပြိုင်ပွဲမှနေပြီး ရွှေတံဆိပ် (၁၅) ခု၊ ငွေတံဆိပ်(၇)ဆု၊ ကြေးတံဆိပ်(၅)ဆု၊ စုစုပေါင်း(၂၇) ဆုရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အဆင့်မြင့်ပညာ အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အပါအဝင် အဖက်ဖက်မှ ပူးပေါင်း ကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများနှင့် ပါဝင်ဆောင်ရွက်ကြသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ယဉ်ကျေးမှုစရိုက်လက္ခဏာများ ပိုမိုထွန်းကားလာစေခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ကို မြှင့်တင်နိုင်ခြင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ပိုမိုတည်ဆောက်နိုင်ခြင်းတို့ နှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ အသစ်တစ်ဖန် ဖူးပွင့်ရှင်သန် လာစေမည့်ပွဲဖြစ်ပါ ကြောင်း၊ လူငယ်ထုအတွက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တိုင်းခြားယဉ်ကျေးမှု အန္တရာယ်မှ ကာကွယ်နိုင်မည့် စွမ်းအားများရရှိလာစေမည့်ပွဲလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲကြီးကို အလေးအနက်ထားပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၏ အနှစ်သာရများကို ဝိုင်းဝန်းလက်တွဲ ဖော်ဆောင် ကြစေလိုကြောင်း” ဖြင့် ပြောကြားခဲ့သည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဉက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊  ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ရန်ကုန် တိုင်းဒေသကြီး၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်၊  အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ထွန်းနိုင်၊ ရန်ကုန်တိုင်း ဒေသကြီး၊ (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အဆိုအကဲဖြတ် ပညာရှင် အလင်္ကာကျော်စွာ ရွှေကူနန်းနွဲ့နွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အကအကဲဖြတ်ပညာရှင် ဒေါ်စန်းနုတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ “ရွှေရောင်လွှမ်းခြုံတိုင်းရန်ကုန်” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများသည် အကပြိုင်ပွဲကျင်းပသည့် သရဖီဆောင်၊ အနုပညာ ခန်းမနှင့် အတီး၊ အဆို၊ အရေးပြိုင်ပွဲများကျင်းပသည့် သဇင်ဆောင်များသို့  လှည့်လည် ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

Loading