ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးထွန်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အကြိမ် (၂၀)မြောက် ဘွဲ့ယူစွမ်းရည်ပြ ပန်းချီ ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

စက်တင်ဘာလ (၁၃) ရက်၊ မန္တလေး

          ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း သည် ယနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပသည့် အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အကြိမ် (၂၀) မြောက် ဘွဲ့ယူစွမ်းရည်ပြပန်းချီ ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲတွင် ပန်းချီပညာဌာနမှ ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်မှ  ကျောင်းသား၊ ကျောင်းသူများ၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်းမှ ကျောင်းသား၊ကျောင်းသူ များနှင့် မဟာဝိဇ္ဇာတန်းမှ ကျောင်းသားကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် ပန်းချီ လက်ရာမွန် (၂၅)ကားကိုလည်းကောင်း၊ ပန်းပုပညာဌာနတွင် ပညာ ဆည်းပူးခဲ့သည့် စတုတ္ထနှစ်နှင့် ဘွဲ့လွန်အနုပညာဒီပလိုမာတန်းမှ ကျောင်းသားများက ဖိုက်ဘာ၊ ပလာစတာ၊ သစ်သားတို့ဖြင့် ပုံဖော်ထုဆစ်ထားသည့် ပန်းပုလက်ရာမွန်များကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပါသည်။

          ထို့နောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနများမှ ကျောင်းသား၊ ကျောင်းသူ များ၏ စွမ်းရည်ပြတင်ဆက်မှုအစီအစဉ်တွင် ဒုတိယဝန်ကြီးက ကျောင်းဆင်းဂုဏ်ပြုအမှာ စကားပြောကြားရာ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ကို ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် အထူးပြုဘာသာ ၅ ခုကို စာပေပညာရပ်နဲ့တွဲဖက်ပြီး သင်ကြားပေးလျက်ရှိရာ ၁၉ ကြိမ်မြောက် အထိ  ကျောင်းဆင်းခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၀၄ ဦး ရှိခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့ ၈၂၆ ဦး၊ ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ ၁၇၈ ဦး၊ ဘွဲ့လွန်အနုပညာဒီပလိုမာဘွဲ့ ၃၀၆ ဦး နှင့် မဟာဝိဇ္ဇာဘွဲ့ ၉၄ ဦးတို့ကို ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ပြီး ဖြစ်ပါကြောင်း ၊ ယခုနှစ်တွင် ဂီတ ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး၊ ပန်းချီပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး၊ ပန်းပုပညာဌာနမှ ကျောင်းသား ၄ ဦးနှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇၇ ဦးတို့က ဘွဲ့ယူစွမ်းရည် ပြသကာ ကျောင်းဆင်းကြတော့မည် ဖြစ်ပါကြောင်း။

          ပန်းချီ၊ ပန်းပု လက်ရာမွန်များသည် မျိုးဆက်သစ်အနုပညာရှင်များ၏ စိတ်ကူး၊ စိတ်သန်း အမြင်အာရုံနှင့် ဖန်တီးနိုင်စွမ်းတို့ကို ထင်ဟပ်ဖော်ပြထားသလို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များနှင့်အတူ ခေတ်ပြိုင်အတွေးအခေါ်များကိုလည်း တွေ့မြင်ခံစားနိုင်မည်ဖြစ် ပါကြောင်း။

ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်မှုများသည် ကျောင်းသား၊ ကျောင်း သူများ၏ လေ့လာသင်ယူတတ်မြောက်မှု၊ အနုပညာစွမ်းရည်၊ ဖျော်ဖြေတင်ဆက်နိုင်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် အနုပညာအပေါ်ထားရှိတဲ့ စေတနာများဖြစ်ပြီး အနုပညာနယ်ပယ် မှာ ယုံကြည်မှုရှိစွာလျှောက်လှမ်းနိုင်ရန်အတွက် အထောက်အကူပြုသည့် မှတ်တိုင်တစ်ခုဖြစ် ပါကြောင်း၊

          ယဉ်ကျေးမှုနှင့် အနုပညာသည် နိုင်ငံတော်၏ အမျိုးသားဂုဏ်ကို ဖော်ဆောင်ပေးသည့် အခြေခံမဏ္ဍိုင်တစ်ခုဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော နူးညံ့သိမ်မွေ့ သည့်  စွမ်းအားတစ်ရပ်ဖြစ်ပါကြောင်း၊

ကျောင်းဆင်းဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများကလည်း ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြ ရမှာဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ဖော်ထုတ်ပြသဖို့လည်း တစ်ထောင့် တစ်နေရာက ပါဝင်သွားကြဖို့လိုအပ်ပါကြောင်း၊

          သတင်းအချက်အလက်နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် မျက်မှောက် ကာလတွင် အမျိုးသားယဉ်ကျေးမှု ကြံ့ခိုင်အားကောင်းရန် လိုအပ်ပါကြောင်း၊ မျိုးဆက်သစ် လူငယ်များအနေနဲ့ မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်း သွားရန်နှင့် ကမ္ဘာ့အနုပညာရေစီးကြောင်းနှင့် ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားရန်လိုအပ်ပါ ကြောင်း၊ အနုပညာကျင့်ဝတ်နှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို အခြေခံပြီး မြန်မာ့အနုပညာ လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြရန်မှာ ကြားခဲ့ပါသည်။

          ထို့နောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများဖြစ်သော ပဏာမဧည့်ခံဂီတသံ (အမျိုးသား+အမျိုးသမီးမင်္ဂလာဆိုင်း)၊ မြူးကြွပျော်ရွှင် အမေရေယဉ်(နတ်ယိမ်း)၊ ရွှေမင်းဂံ (မန်းပုံရိပ်တေး)၊ ကကြိုးလှပစွမ်းရည်ပြ(မင်းသားယိမ်း)၊ အလှပေါင်းစုံရာ တက္ကသီလာ (ကျောင်းဆင်းဂုဏ်ပြုတေး)၊ အလှထိပ်ထား မြန်မာ့သနပ်ခါး၊ ရိုးရာခေတ်ပြိုင် တေးသံမြိုင် (Orchestra)၊ ဇော်နှင့်သူယောင် ချစ်ဖွဲ့နှောင် (ရုပ်သေး)၊ အတီးအကစုံလင်စွာ သွေးချင်း ပဒေသာ(တိုင်းရင်းသား)၊ AI ကိုမေး ဦးနှောက်နဲ့တွေး (ပြဇာတ်)၊ ယဉ်ကျေးလိမ္မာ ရွှေကိန္နရာ (ဇာတ်တော်ကြီး)၊ မေ့မရသောနေ့ရက်များ (ဘွဲ့ယူလက်ရာမွန်ဇာတ်ကား) တို့ကို ဒုတိယ ဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှု့အားပေးခဲ့ပြီး ဒုတိယဝန်ကြီး နှင့်ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading