
နေပြည်တော် အောက်တိုဘာလ ၂၀ ရက်
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ အောင်မြင်စွာကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲတွင် အကဲဖြတ်အမှတ် ပေးကြမည့် အကဲဖြတ်ပညာရှင်များအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ၂၀-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးနှင့် ဇာတ်တော်ကြီးပြိုင်ပွဲလုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ အကဲဖြတ်ပညာရှင်များအား နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ(၂) စားရိပ်သာ(၅)တွင် တွေ့ဆုံခဲ့ပြီး နှုတ်ဆက် စကားပြောကြားရာတွင် ယခုလိုပညာရှင်ကြီးများကို စုံစုံလင်လင်တွေ့ရှိရတဲ့အတွက် များစွာဝမ်းမြောက်မိ ပါကြောင်း၊ ယခုလို ရာသီဥတုအခြေအနေကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြစေလိုပါကြောင်း၊ အကဲဖြတ်အမှတ်ပေးရာတွင်လည်း သမာဓိရှိစွာဖြင့် အကဲဖြတ်ပေးစေလိုပါကြောင်းနှင့် လိုအပ်သည် များရှိပါကပြောကြားစေလိုပါကြောင်း ပြောကြားပြီးနောက် သက်ဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီးနှင့် ဇာတ်တော်ကြီး၊ ရုပ်သေးဇာတ်တော်ကြီးအဖွဲ့ ခေါင်းဆောင်များက မိမိတို့ သက်ဆိုင်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက အကဲဖြတ်ပညာရှင် ကြီးများကိုယ်စား အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ် ဥက္ကဋ္ဌများနှင့် ဇာတ်တော်ကြီး၊ ရုပ်စုံ သဘင်အကဲဖြတ် အဖွဲ့ခေါင်းဆောင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ယခုနှစ်တွင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လာရောက်ကြသည့် အကဲဖြတ်ပညာရှင်ကြီးများသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ(၂)တွင် တည်းခိုနေထိုင်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
![]()