(၁၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ (၂၂)ကြိမ်မြောက်အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီအစည်းအဝေးကျင်းပ

၃၀.၁၀.၂၀၂၆၊ နေပြည်တော်

(၁၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ (၂၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီး ကော်မတီအစည်းအဝေးအား  ၃၀.၁၀.၂၀၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင်ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၊ ရုံးအမှတ်- ၃၅ ၊ နေပြည်တော် ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်၍ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းအောင်ကြည်နှင့် ဖိတ်ကြားထားသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဦးစီးကော်မတီဝင်များ၊ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးနှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အဆိုပါ အစည်းအဝေးကြီးများကို မန္တလေးမြို့၌ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ “အာဆီယံ အဓွန့်ရှည်ဖို့၊ ယဉ်ကျေးမှု အမွေအနှစ်များ ကြံ့ခိုင်အောင် ဆောင်ရွက်စို့” ဟူသည့် အစည်းအဝေး၏ဆောင်ပုဒ် အတိုင်း အာဆီယံဒေသတွင်း ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်တည်တံ့ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်  ဖော်ဆောင်သွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်းနှင့် (၁၂) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ (၂၂) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်သွားကြမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေး (AMCA)၏ ဥက္ကဋ္ဌတာဝန်ကို ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ၂နှစ်တာ တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစုဝေးရာ မန္တလေးမြို့ကို လည်း “အာဆီယံယဉ်ကျေးမှုမြို့တော်” (ASEAN City of Culture) အဖြစ် သတ်မှတ်ထားရှိ ပါကြောင်း၊  အစည်းအဝေးများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ အောက်တွင် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရေးအတွက် ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များကို ဂုဏ်ယူစွာ ထင်ဟပ်ပြသနိုင်ရေးအတွက်လည်း စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိရန် တိုက်တွန်းလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးလှိုင်ဝင်းမောင်က  အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆွေးနွေးတင်ပြ ကြရာဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ညွှန်ကြား ခဲ့ပြီး အစည်းအဝေးကို ၁၁:၄၅ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading