ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ယဉ်ကျေးမှုပြတိုက်အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

ဘားအံမြို့၊ နိုဝင်ဘာလ  ၇ ရက်

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် (၇-၁၁-၂၀၂၆)ရက် နေ့လယ်(၁၂:၀၀)အချိန်တွင် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုး တိုးတက်မှု အကောင် အထည်ဖော်ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးသို့ သွားရောက် စစ်ဆေးခဲ့ပြီး ရုံးအသစ် ဆောက်လုပ်သွားရန်နှင့်ပတ်သက်၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ရှိ ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိခဲ့ပြီး ပြတိုက်အား ပြခန်းပြကွက် ခင်းကျင်းထားမှု ၁ ခုချင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးရာ ပြတိုက်တာဝန်ခံမှ ပြတိုက်ခင်းကျင်းမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ယဉ်ကျေးမှုပြတိုက်အောက်ထပ်၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ဘားအံဌာနခွဲ ဝန်ထမ်းများနှင့် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘားအံရုံးခွဲဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို နေ့လယ် ၁၂:၅၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲ၌  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လုပ်ငန်းတိုးတက်စေရန်၊ ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံအတွက် အထောက်အကူ ဖြစ်သည့် ဝန်ကြီးဌာနဖြစ်ရေး ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုအမွေအနှစ် မပျောက်ပျက်အောင် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့်  ချိတ်ဆက်၍ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သည် အရေးကြီးသည့် ကဏ္ဍဖြစ်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်များကို UNESCO သို့ တင်သွင်းနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များစုဆောင်းရန် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ပြီးပါက ယဉ်ကျေးမှုအမွေအနှစ်များမှာ ပိုပြီးတန်ဖိုးရှိမှာဖြစ်ပြီး အဆိုပါယဉ်ကျေးမှုအမွေအနှစ်များကို အခြေပြု၍ ခရီးသွားလာမှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ဝန်ထမ်းများသည် စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်ပြီး လိုက်နာရန်၊ ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းဥပဒေများအတိုင်း လိုက်နာသွားရန်၊ နိုင်ငံ့ဝန်ထမ်းပီပီ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြရန်၊  ကရင်ပြည်နယ် အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် အလေးအနက်ထားပြီး လုပ်ငန်းများဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading