
၂၅-၁၁-၂၀၂၆၊ နေပြည်တော်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် ‘ရုရှား-အရှေ့’ အပြည်ပြည်ဆိုင်ရာ အမျိုးသား ယဉ်ကျေးမှုပွဲတော်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါပွဲတော်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်အစိုးရ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ရာရှစ် ဗာဂါပေါ့ဗ် အထိမ်းအမှတ် တာတာယဉ်ကျေးမှုအများပြည်သူဖောင်ဒေးရှင်းမှ ဦးဆောင်၍ အရှေ့တိုင်း ယဉ်ကျေးမှုများအကြား တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုင်ငံတကာဆက်သွယ်မှုများကို ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အာရှ၊ အရှေ့ဥရောပ၊ အာဖရိကနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံအတွင်းရှိ ပြည်နယ်များအပါအဝင် နိုင်ငံပေါင်း (၅၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။

၂၁-၁၁-၂၀၂၆ ရက်တွင် ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်၊ ကာဇန်မြို့ရှိ ပိရမစ် ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးစင်တာ (KRK Piramida)၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ အနုပညာရှင်များက ပုဂံခေတ်ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တက်ရောက်လာသော ဧည့်သည်တော်များက နှစ်သက်စွာအားပေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ၂၂-၁၁-၂၀၂၆ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး မစ္စ ဒီနာ ဂါရာယေဗာနှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသား ပြတိုက်တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကိစ္စ၊ ၂၀၂၇ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် ‘ရုရှား-အရှေ့’ အပြည်ပြည်ဆိုင်ရာ အမျိုးသားယဉ်ကျေးမှုပွဲတော်သို့ မြန်မာ နိုင်ငံအား တရားဝင်ထပ်မံဖိတ်ကြားသွားမည့်ကိစ္စနှင့် ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကာဇန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှ ရုပ်ရှင်တစ်ကား ပါဝင်ပြသနိုင်ရေး ဖိတ်ကြားလိုသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
![]()