ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများနှင့် မန္တလေးနန်းမြို့ရိုးပြုပြင်ထိန်းသိမ်းနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ၂၃-၄-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် တံတားဦးခရိုင်၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများနှင့် မန္တလေးနန်းမြို့ရိုးပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးမြို့၊ မင်္ဂလာစေတီမှ အင်းဝမြို့ဟောင်း၊ တတိယမြို့ရိုးသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ဘကြီးတော်မင်းတရားကြီးလက်ထက် မင်းသားကြီးမောင်အိုက အေဒီ ၁၈၂၇ ခုနှစ်တွင် ဖောက်လုပ်တည်ဆောက်ထားသည့် မဟာ ဇေယျပထ မောင်အိုအုတ်လမ်းသို့ ရောက်ရှိပြီး မောင်အိုအုတ်လမ်းအား ရှေးမူမပျက်ပြန်လည် ဖော်ထုတ်၍ မူလအနေအထားအတိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အေဒီ ၁၈၂၂ တွင် ဘကြီးတော်မင်းနှင့် နန်းမတော်မယ်နုတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် အောင်မြေဘုံစံအုတ်ကျောင်း(ခ) မယ်နုအုတ်ကျောင်းသို့ ရောက်ရှိ ခဲ့ပါသည်။ မယ်နုအုတ်ကျောင်းသည် အေဒီ ၁၆၃၈ တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က ပြန်လည်ပြုပြင်ခဲ့ပါသည်။ ယခု ၂၀၂၅ မန္တလေး ငလျင်ကြီးတွင်လည်း မြောက်ဘက်တစ်ခြမ်းလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလရှေးဟောင်းလက်ရာအနေအထားမှာ သဘာဝဘေးကြောင့် ပျက်စီးခဲ့မှုများအား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးကို ဆွေးနွေး၍ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် အင်းဝမြို့ဟောင်းအား ပြည်တွင်း ပြည်ပ ခရီးသွားများ စိတ်ဝင်စားစွာလေ့လာကြည့်ရှုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတကြီး လမ်းညွှန်မှာကြားချက်များနှင့်အညီ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ(အခြား) အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် အင်းဝမြို့ဟောင်းရှိ တံခါးနီတံခါးနှင့် ရွေးတော်ယူတံခါး တူးဖော် သုတေသနပြုခြင်းနှင့် သတိုးမင်းဖျား၏ မူလမြို့ရိုးအား စမ်းသပ်တူးဖော်မည့် သုတေသနပြုမည့် နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် အေဒီ ၁၇၃၃တွင် တည်ထားခဲ့သည့် အင်းဝလောကသရဖူဘုရား ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် အလှူရှင် ဦးစိုးနိုင်၏ လှူဒါန်းမှုဖြင့် မူလ ရှေးဟောင်းလက်ရာအတိုင်း ပြန်လည်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်ကြံ့ခိုင်စေရေးနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များကိုပါ တွက်ချက်၍ ကြိုတင်စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝ ရှေးဟောင်းသုတေသနပြတိုက် ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ အင်းဝရှေးဟောင်းသုတေသနပြတိုက် ပြန်လည်ပြုပြင်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံငလျင်အသင်းတို့မှ ပညာရှင်များ၊ အိန္ဒိယနိုင်ငံ ချန်နိုင်း တက္ကသိုလ်မှ ငလျင်နှင့် အဆောက်အအုံပညာရှင်များ၏ အကြံပြုချက်နှင့် ပူးပေါင်းကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ပြုပြင်ပြီးစီးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အင်ဂျင်နီယာများ ပြုပြင်လျက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးက အတွင်းမှ ဒေါက်တိုင်များ၊ အပေါ်ဆင့်များ ထပ်မံအားဖြည့်ထည့်ရန်၊ နောင်ငလျင်များဖြစ်ပေါ်လာ နိုင်သည်ကို ကြိုတင်ရည်မှန်း၍ ပိုမိုကြံ့ခိုင်အောင် ‌ဆောင်ရွက်ရန်၊ အင်ဂျင်နီယာများ နေ့စဉ် အမြဲကြီးကြပ်၍ အားနည်းချက်မရှိစေရေး စီမံဆောင်ရွက်ရန်၊ ပြုပြင်ပြီးစီးပါက ပြန်လည် ခင်းကျင်းမှုကိုပါ ကြိုတင်လျာထားဆောင်ရွက်ရန်၊ အလားတူ အင်းဝဒေသရှိ ငလျင်ဒဏ်ခံ ဘုရားများပြုပြင်ရာတွင် ပစ္စည်းလိုအပ်ချက်များရှိပါက လျှောက်ထားတင်ပြရန်နှင့် ဝန်ကြီး ဌာနချင်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းမှာကြားခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၈-၃-၂၀၂၅ ရက်နေ့ ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုး၏ နေရာအနှံ့အပြားတွင် ထိခိုက်ပျက်စီးမှုများကို အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မူလရှေးမူမပျက် ပြန်လည်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ အမှတ်(၉၅၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)၊ တင်ဒါအောင် ကုမ္ပဏီများနှင့် ဌာနတို့က ဆောင်ရွက်ခဲ့သည့် မြို့ရိုး၊ မီးတားများ၊ သူရဲခိုများ၊ ပြာသာဒ်ကြီးများနှင့် ပြာသာဒ်ငယ်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး စံနှုန်းများနှင့်အညီ ပြန်လည်ပြုပြင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သတ်မှတ် စံချိန်၊ စံညွှန်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန်၊ မန္တလေးနန်းမြို့ရိုးသည် မိမိတို့နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး နိုင်ငံ၏ အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်သည့်အတွက် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် နောင်ဖြစ်ပေါ်လာမည့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များ အတွက်ပါ ကြိုတင်မျှော်တွေး၍ ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်သွားရန်၊ ဌာနမှ တာဝန်ရှိသူ များကလည်း အနီးကပ်ကြီးကြပ်မှုနှင့် စောင့်ကြည့်မှုများပါ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Loading