မန္တလေး၊ ဧပြီလ ၂၄
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ၂၄-၄-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးဒေသရှိ အရိပ်မထွက်ဘုရား၊ ဘုရားနီဘုရား၊ မဟာမင်းထင်သစ်သား ဘုန်းကြီးကျောင်း၊ မဟာစန္ဒာမုနိဘုရားနှင့် မဟာမုနိဘုရားကြီးတို့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်နေမှုများအား ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂံခေတ် အနော်ရထာမင်း လက်ထက် ကျောက်စာ များတွင် အရိပ်မထွက်ဒေသအဖြစ် ဖော်ပြထားပြီး ထိုဒေသ၌ တည်သောစေတီဖြစ်၍ အရိပ်မထွက် ဆုတောင်းပြည့်စေတီအဖြစ် ထင်ရှားပြီး မန္တလေးရတနာပုံခေတ်ထက်စောသော စေတီတစ်ဆူ လည်းဖြစ်သကဲ့သို့ ဘုရားသမိုင်းအရ တကောင်းပြည်မှ စစ်သူကြီးသည် ရန်သူများကို နှိမ်နှင်းစဉ် ရောက်ရှိလာခဲ့ပြီး “ရန်အပေါင်း မည်သည့်အရိပ်မျှမထွက်စေရ”ဟု အဓိဋ္ဌာန်ပြီးတည်ခဲ့သည့် ဘုရားတစ်ဆူအဖြစ်ထင်ရှားသည့် အရိပ်မထွက်ဘုရားထိခိုက်ပျက်စီးမှုနှင့် အလှူရှင်များ လှူဒါန်းမှုအရ ပြုပြင်နေမှုများကို သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ရာတွင် မူလ လက်ရာမပျက်ပြုပြင်သွားရန်၊ ပြုပြင်ရာတွင် ပြန်လည်အသုံးပြုနိုင်သည့် ရှေးအုတ်များကို ပြန်လည်အသုံးပြုသွားရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ အင်းဝခေတ်ဦးပိုင်းကတည်းက တည်ထားခဲ့သော ဘုရားနီဘုရားသို့ သွားရောက်စစ်ဆေးခဲ့ရာ ဘုရားနီဘုရားသည် ဘုရားသမိုင်းနှင့်မှတ်တမ်းများအရ ဘိုးတော် ဗဒုံမင်း၏ ရွှေတိုက်ဝန်မောင်နှမပြုပြင်ခဲ့ကြပြီး အပေါ်ယံမှ အင်္ဂတေမချောသဖြင့် ဘုရားနီဟု ထင်ရှားခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင်လည်း ပြန်လည်ပြုပြင်ခဲ့ကြောင်း မှတ်တမ်းရှိသည်။ အထူးသဖြင့် ကမ္ဘာလေးရပ် ကျမ်းကိုင်သစ္စာတိုင်ခြင်းဖြစ်သော ဆီမီးထွန်းပြိုင်ခြင်း၊ ဆန်ဝါးပြိုင်ခြင်း၊ ရေငုပ်ပြိုင်ခြင်းနှင့် သဲပူနှိုက်ပြိုင်ခြင်းတို့နှင့်ပတ်သက်သည့် ခေတ်အဆက်ဆက်မှတ်တမ်း အထောက်အထားရှိခဲ့ပြီး ထင်ရှားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ဖောင်းရစ်များ ထိခိုက်ကာ ခေါင်းလောင်းအခြေနားထိ တချို့တဝက်ပြိုကျပျက်စီးခဲ့ရာ အတွင်းမှ မူလအင်းဝခေတ် စေတီကြီးတစ်ဆူရှိခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ၎င်းဘုရားကြီးအား ပြုပြင်ရာတွင် ရှေးမူမပျက်ပြုပြင်ရန်နှင့် မူလနှစ်ထပ်ဘုရားဖြစ်ကြောင်းလည်း ပေါ်လွင်စေရန်အတွက် ပြုပြင်သည့်အခါတွင် နှစ်ထပ်စေတီများအတွက် ပြုပြင်သည့်အတိုင်း တစ်ပါတည်းဆောင်ရွက် သွားရန်၊ အတွင်းနှစ်ထပ်စေတီအတွက် ချန်လှပ်ခဲ့ရာတွင်လည်း မိုးရေစိမ့်ဝင်ခြင်းမရှိအောင် ဂရုပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဟာမင်းထင် သစ်သားဘုန်းတော်ကြီးကျောင်း အား မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၏ ညှိနှိုင်းစီစဉ်မှုဖြင့် ဂျပန်နိုင်ငံ ဘက်မှလှူဒါန်းငွေဖြင့် ပြုပြင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြစ်နိုင် သရွေ့ မူလသစ်သားပန်းပုများ ပြန်လည်ရှာဖွေစုဆောင်းတပ်ဆင်ရေး၊ အမိုးအကာများကို ရှေးဟောင်းပုံသဏ္ဌာန်အတိုင်းဆောင်ရွက်ရေး၊ ကြမ်းခင်း၊ ဆင့်များကို အရည်အသွေးကောင်းစွာ သုံးစွဲရေး၊ သစ်သားအဟောင်းများ ရှာဖွေသုံးစွဲရေးနှင့် နောင်ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ကြီးကြပ်စိစစ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ မဟာမင်းထင်သစ်သားဘုန်းကြီးကျောင်း သည် အင်းဝခေတ်က စတင်တည်ဆောက်ခဲ့ပြီး ဘိုးတော်ဗဒုံမင်းလက်ထက်တွင် အင်းဝမှ အမရပူရသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့ကာ မင်းတုန်းမင်းကြီး ရတနာပုံရွှေနန်းတော် ပြောင်းရွှေ့ စိုးစံရာတွင် ယခုနေရာအား ထပ်မံပြောင်းရွှေ့တည်ဆောက်ခဲ့ရာ နှစ်ပေါင်း(၃၀၀)ခန့် ကြာမြင့်ပြီ ဖြစ်၍ အထူးဂရုပြု ထိန်းသိမ်းရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘိုးတော်ဗဒုံမင်း အေဒီ-၁၇၈၄ တွင် တည်ခဲ့သော မဟာစန္ဒာမုနိဘုရားသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ခေါင်းလောင်းအထက်ပိုင်းနှင့်ပစ္စယံဆင့်များ ပြိုကျပျက်စီးမှုနှင့် အလှူရှင်လှူဒါန်းမှုဖြင့် ပြုပြင် ရာတွင် မူလပုံသဏ္ဌာန်မပျက် ပြန်လည်ပြုပြင်တည်ထားရန် စီစဉ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အမရပူရခေတ်ပုံသဏ္ဌာန်အတိုင်း အသေးစိတ်တိုင်းတာတွက်ချက်ပြုပြင် သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဟာမုနိဘုရားသို့သွားရောက်၍ ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အာရုံခံတန်ဆောင်း၊ မုခ်ဦးများ၊ ဂန္ဓကုဋီ တိုက်များ ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးက ဘုရားကြီး၏ပင်မ ဂန္ဓကုဋီတိုက်မနှင့် ဆက်စပ်အဆောက်အအုံများ၊ စောင်းတန်းများ ပြုပြင်ထိန်းသိမ်းရာတွင် ဩဝါဒဆရာတော်များထံမှ ဩဝါဒခံယူ၍ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရှင်များ၊ ငလျင်ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ ပြုပြင်ရန်လိုအပ်သည့် အပိုင်းအလိုက် ယခင်လုပ်ကိုင် ဆောင်ရွက်ခဲ့သူများ၊ ပါဝင်ခဲ့သူများကို ဆက်သွယ်ဆွေးနွေးမေးမြန်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားရန်၊ ပြန်လည်ပြုပြင်ရာတွင် အလှူရှင်များ လှူဒါန်းမှု သာမက ဂေါပကအဖွဲ့ ရန်ပုံငွေများဖြင့်ပါ နောင်ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ် များကိုပါတွက်ချက်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် အကောင်းဆုံးပစ္စည်း၊ အကောင်းဆုံး နည်းလမ်း၊ အကောင်းဆုံး အရည်အသွေးရရှိအောင်၊ မူလရှိခဲ့သည့်အနေအထားထက် ပိုကောင်း အောင် ရည်ရွယ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့်အတူ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ မိတ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ စုစုပေါင်း (၁၅၀)ဦး ခန့်နှင့် မန္တလေးမြို့ရှိ Y Mandalay Hotel ၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ “ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန” အဖြစ် ပြင်ဆင်ဖွဲ့စည်းထားပါကြောင်း၊ ထိုသို့ ပြောင်းလဲဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်းရဲ့ အဓိက မောင်းနှင်အားအဖြစ် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို တစ်ပြိုင်နက်ရရှိစေဖို့ မျှော်မှန်းပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနဲ့ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးတို့ကို တစ်ပြိုင်နက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည့်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင် သွားနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ပြင် ခရီးသွားများကို မိမိတို့ ဒေသခံရိုးရာဓလေ့တွေ၊ ရိုးရာ အနု ပညာရပ်များ၊ သမိုင်းဝင်နေရာများနှင့် ပိုမိုထိရောက်စွာ မိတ်ဆက်ပေးနိုင်မည့်အပြင် ယဉ်ကျေးမှု ဆိုင်ရာခရီးသွား လုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ ဝင်ငွေကိုလည်း တိုးတက်ရရှိ စေမှာဖြစ်ပါကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ အလွန် စုံလင်စွာ တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း (Cultural Tourism) ဖော်ဆောင်ဖို့ အထူးကောင်းမွန်သည့် ခရီးစဉ်ဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေအားလုံးသည် အကျိုးရှိထိရောက်စွာအသုံးချပြီး မြန်မာ နိုင်ငံကို သွားလာလည်ပတ်စရာ ကောင်းမွန်သည့် ခရီးစဉ်ဒေသကြီး တစ်ခုအဖြစ် ကမ္ဘာက သိအောင် (promotion and marketing) ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကြွယ်ဝလှသည့် ယဉ်ကျေးမှု အမွေအနှစ်များမှာ ခရီးသွားလုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်တွေ ဖြစ်သလို “ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်း” (Cultural Tourism) အဖြစ် တန်ဖိုးတက်အောင် မြှင့်တင်ပေးနေပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍက လုပ်ဖော် ကိုင်ဖက်များအနေဖြင့် ယခင်က ခရီးသွားလုပ်ငန်းသီးသန့်ကိုပဲ Promote လုပ်ခဲ့ကြရာကနေ အခုအခါမှာတော့ ကျွန်တော်တို့၏ ယဉ်ကျေးမှုနဲ့ခရီးသွားလုပ်ငန်းကို ပေါင်းစပ်ပြီး အရှိန် အဟုန်မြှင့် ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးသိန်းဌေးက မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက် များကို ဆွေးနွေးတင်ပြပြီး၊ တက်ရောက်လာကြသည့် မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းမြို့များမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များအလိုက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ငလျင်ဒဏ်ခံဟိုတယ်များ လိုအပ်သည့် ထောက်ပံ့ကြေးငွေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး၊ စက်သုံးဆီရရှိရေး ကြုံတွေ့နေရ သည့် အခက်အခဲများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး၊ အဆုံးအဖြတ်ကိစ္စရပ်များကို နိုင်ငံတော်အစိုးရသို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဝန်ကြီးဌာနပိုင်ငှားရမ်းဟိုတယ်ဖြစ်သည့် Mandalay Swan Hotel သို့ သွားရောက်စစ်ဆေးပြီး ဟိုတယ်အားအဆင့်အတန်းမီ ပြုပြင်သွားရန်နှင့် အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားပါသည်။ ထို့နောက် ထွန်းလှဟိုတယ်သို့ရောက်ရှိကာ ဟိုတယ်ဝန်ဆောင်မှုအဆင့်အတန်းများအား စံချိန်စံညွှန်းမီပေးနိုင်ရေးဆောင်ရွက်ရန်နှင့် မီးဘေး လုံခြုံရေး အား အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။
![]()