ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)က ဖွင့်လှစ်သင်ကြားမည့် “နွေရာသီ အခြေခံ ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပုသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးရှေးဟောင်းအဆောက်အဦများပြုပြင်ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး

မန္တလေး၊ ဧပြီ (၂၅) ရက်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို တန်ဖိုးထားမြတ်နိုးတတ်စေရန်၊ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော အနုပညာဘာသာရပ် သင်ကြားမှုကို အထောက်အကူဖြစ်စေရန် စသော ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားမည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပု သင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးနှင့်လွှတ်တော် ဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်နှင့်မြို့နယ်များမှ ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းတက်ရောက် ကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အမှာစကားပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) အနေဖြင့် ၂၀၂၃ ခုနှစ်မှာ အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၂၂၂) ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၀၇) ဦးတို့ကို (၂) နှစ်တိုင်တိုင် နွေရာသီ အခြေခံ ပန်းချီ၊ ပန်းပုသင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့ပြီး အနုပညာအမွေကို လက်ဆင့်ကမ်းပေးခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နွေရာသီသင်တန်းများ ဖွင့်လှစ်မှုကို ရပ်နားထားခဲ့ရပြီး ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ပန်းချီ၊ ပန်းပုသင်တန်းသာမက မြန်မာ့ရိုးရာ အခြေခံ ဂီတ၊ အဆိုနှင့် အက သင်တန်းများကိုပါ ထူးခြားစွာထပ်မံထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၂၈၉)ဦး တက်ရောက်ကြမှာဖြစ်သည့်အတွက် အနုပညာရပ်များကို သင်ယူလေ့လာဆည်းပူးလိုသည့် သားငယ်၊ သမီးငယ်များအတွက် များစွာဝမ်းမြောက်ရပါကြောင်း၊  

ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပု အနုပညာရပ်များကို သင်ယူလေ့လာဆည်းပူးလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီပိတ်ရက်ကာလ အချိန်ကို အကျိုးရှိရှိအသုံးချတတ် စေရန်၊ အခြေခံပညာကျောင်းများမှာ သင်ကြားလျက်ရှိသော အနုပညာဘာသာရပ်အတွက် အထောက်အကူပြုစေရန်၊ မြန်မာ့သုခုမအနုပညာရပ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန် စသည့် ရည်ရွယ်ချက်များနှင့် ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊

ဧပြီလ(၂၅) ရက်နေ့မှ မေလ(၉)ရက်နေ့အထိ ဖွင့်လှစ်မည့့််သင်တန်းမှာ မဟာဂီတ ကြိုးသီချင်း၊ မြန်မာ့ရိုးရာအဆိုပညာ၏ အခြေခံသံစဉ်(၇)ပါး၊ စန္ဒရားအခြေခံလက်လေ့ကျင့်ခန်းများ အမျိုးသား၊ အမျိုးသမီးအခြေခံကဗျာလွတ်(ပထမအဆင့်)ကကွက်များ ကျောင်းသားလူငယ်များ လူပုံရေးဆွဲရာမှာ လွယ်လင့်တကူ ချဉ်းကပ်ရေးဆွဲနိုင်စေရန် လူပုံရေးဆွဲနည်းများနှင့် အခြေခံ ကနုတ် ရေးဆွဲနည်းများ၊ ရိုးရာပန်းပုအပြင် ခေတ်ပြိုင်ပန်းပု၊ ဖန်တီးမှုအခြေခံသဘောတရားနှင့်  စွန့်ပစ် ပစ္စည်းတွေကိုအသုံးပြုပြီး ပန်းပုအနုပညာဖန်တီးနိုင်ပုံများကို ထည့်သွင်းသင်ကြားပေးသွား မှာ ဖြစ်ပါကြောင်း၊

အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်ကြမည့် မျိုးဆက်သစ်ကျောင်းသားလူငယ်များ အနေဖြင့် မိမိတို့ဝါသနာပါရာ မြန်မာ့ရိုးရာသုခုမအနုပညာရပ်များကို နှစ်သက်မြတ်နိုးရန် လိုအပ် ပါကြောင်း၊ သို့မှသာ မျိုးချစ်စိတ်များ ထာဝစဉ်ရှင်သန်နေမှာဖြစ်ပါကြောင်း၊ ယနေ့နည်းပညာခေတ် မှာ ကမ္ဘာအနှံ့အပြားမှ ယဉ်ကျေးမှုရေစီးကြောင်းများဟာ နည်းလမ်းအမျိုးမျိုးဖြင့် အရှိန်အဟုန် ပြင်းစွာ ထိုးဖောက်ဝင်ရောက်လျက်ရှိသောကြောင့် မတူကွဲပြားသော နိုင်ငံတကာယဉ်ကျေးမှုများကို နားလည် လက်ခံနိုင်ပြီး တစ်ဖက်မှာလည်း မိမိတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက် စေရန် လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်ရန် မျိုးဆက်သစ်လူငယ်များအနေဖြင့် ယဉ်ကျေးမှု ကိုယ်ခံ အား ကောင်းမွန်ပြီး မြန်မာ့သုခုမအနုပညာရပ်များကို သင်တန်းကာလအတွင်းမှာ ကြိုးစားသင် ယူကြရန် မှာကြားလိုပါကြောင်း ပြောကြားသွားပါသည်။  

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက နွေရာသီအခြေခံ ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပု သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဂီတပညာဌာနနှင့် သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ များက အဆို၊အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် သင်တန်းတက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အမှတ် (၉၅၁) ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ)က ဆောင်ရွက်လျက်ရှိသည့် သုဓမ္မာဇရပ်(၂) ဆောင် ပြန်လည်တည်ဆောက်နေမှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကြီးကြပ်၍ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအဆောက်အဦများ ပြုပြင်တည်ဆောက်ရာတွင် ရှေးမူမပျက် ပြန်လည်တည်ဆောက်သွားရန်နှင့် စဉ်ဆက်မပြတ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွား ရန်၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက် သွားရန် နှင့် (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော သုဓမ္မာဇရပ်(၂)ဆောင်ကို  ၂၀၂၆ ခုနှစ်၊ မေလဆန်းတွင် ပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

သုဓမ္မာဇရပ်သည် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးမြို့တည် နန်းတည် သတ္တ ဌာနတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကုသိုလ်ရှင်မှာ မင်းတုန်းမင်းတရားကြီး၏ မြောက်နန်းမိဖုရား မယ်သဲဖြစ်ကြောင်း၊ ၁၈၅၉ ခုနှစ်တွင် တည်ဆောက်၍ ၁၈၆၁ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးနှင့် မြောက်နန်းမိဖုရားတို့က ရေစက်သွန်းချလှူဒါန်းခဲ့သည်။ သုဓမ္မာဇရပ်တော်ကြီးတည်ပြီး (၅)နှစ် အကြာတွင် မင်း၊ မိဖုရား ကုသိုလ်ပွားအဖြစ် သုဓမ္မာဇရပ်တန်း (၃၃)ဆောင်ကို ဆောက်လုပ်ခဲ့သည်ဟု သမိုင်းကြောင်း အထောက်အထားများအရ သိရှိရပြီး ယခုအခါ (၁၉)ဆောင်သာ ကျန်ရှိသဖြင့် မူလ နေရာဟောင်းတွင် သစ်သားပန်းပုလက်ရာအမွှမ်းပန်းများဖြင့် ရှေးမူမပျက် ပြန်လည်တည်ဆောက် လျက်ရှိပါသည်။

ရွှေနန်းတော်ကျောင်းသည် ကုန်းဘောင်ခေတ် (၁၉)ရာစု ဗိသုကာလက်ရာ စံပြု သစ်သား ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်ကြောင်း၊ မင်းတုန်းမင်းကြီး စံမြန်းခဲ့ရာ နန်းတော်အဆောင်ကို ကျောင်းအဖြစ် ရွှေ့ပြောင်းဆောက်လုပ်လှူဒါန်းခဲ့၍ ရွှေနန်းတော်ကျောင်းဟုလည်းကောင်း၊ မူလ ဘုရင်စံမြန်းရာ နန်းတော်ဆောင်ဖြစ်ခဲ့ပြီး ကျောင်းတော်ကြီး၏ အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချ ရွှေရောင်တဝင်းဝင်း တောက်ပလျက်ရှိသောကြောင့် ရွှေကျောင်းဟုလည်းကောင်းခေါ်ကြသည်ဟု သိရှိ ရပြီး  ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဘေး၊ စစ်ရန် အပျက်အစီးဒဏ်မှ ကင်းလွတ်ခဲ့သော သာသနိက အဆောက်အအုံတစ်ခုဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) သို့ ရောက်ရှိပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများကို မဉ္ဇူသကဆောင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ ၏ လမ်းညွှန်ချက်အရ ယဉ်ကျေးမှုကဏ္ဍကိုထိန်းသိမ်းမြှင့်တင်ပြီး ဟိုတယ်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်၊ တိုင်းရင်းသားတို့၏ စာပေ၊ ဂီတ၊ ရိုးရာယဉ်ကျေးမှုကဏ္ဍများကိုလည်း ထိန်းသိမ်းမြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်၊ တက္ကသိုလ်အနေဖြင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းရင်းဖြင့် ပြည်ပမှ ဝင်ရောက်လာသော ယဉ်ကျေးမှုများကို ကာကွယ်သွားရန်လိုအပ်ကြောင်း၊ အနုပညာဖန်တီးမှုများကို ဆောင်ရွက်သည့်အခါ ကြည့်ရှုသူစိတ်ဝင်စားမှုရှိအောင် အတွေးအခေါ်အသစ်များဖြင့် ဖန်တီး ထုတ်လုပ်သွားကြရန် မှာကြားလိုပါကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးများကို ဆောင်ရွက် သွားကြရန်၊ ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားကြပါလို့ မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ရှိသင်ကြားဆောင်များကို မော်တော် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

Loading