ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတောင်ငူ ကေတုမတီမြို့ဟောင်းနှင့် ပဲခူး ဟံသာဝတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှုများကြည့်ရှုစစ်ဆေး

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည်ရှု စစ်ဆေးသည်။

            ဒုတိယဝန်ကြီးသည် တောင်ငူမြို့၊ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်း ထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက် ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါးပြအိုး၊ ရေကျုံးနှင့်  နွံကျုံး ဖော်ထုတ် ထိန်းသိမ်းထားရှိမှုများကိုဦးစွာ ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ မြို့ရိုးနှင့် ရေကျုံးကြားနေရာတွင် အများပြည်သူ အနားယူအပန်းဖြေရန်နှင့်  ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိမှု၊ မော်ကွန်းတံခါး ကျုံးကူး တံတားအား ခေတ်မီ ပစ္စည်းများအသုံးပြု၍ တောင်ငူခေတ် ဗိသုကာဟန်ဖြင့် တည်ဆောက်မည့်နေရာ၊ အစဉ်အလာ ပြောဆိုမှတ်သားခဲ့သော နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့အား ကြည့်ရှုပြီး  သုတေသနပြု တူးဖော်ရာမှ တွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်န များကို စနစ်တကျထိန်းသိမ်းသွားရန် မှာကြားပါသည်။   ထို့နောက် ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ  စင်တံခါးနှင့်  သစ်ရင်းတံခါး ဖော်ထုတ်ထိန်းသိမ်း ထားရှိမှု၊ ရေပို့ကုန်းရွာရှိ အုတ်ကျောင်း၊ ကြာနီကန်ကျောင်းတိုက်အတွင်းရှိ ပရက္ကမသိမ် ထိန်းသိမ်းထားရှိမှုအခြေအနေများ အား ဆက်လက်ကြည့်ရှုစစ်ဆေးသည်။ ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးက ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးမှု ဖြင့်  ဖော်ထုတ်ဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်ဖော်ထုတ် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်၊ အမှိုက်ကင်းစင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို  ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်စပ်ဆောင်ရွက်နိုင်ရေး   သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

            ကေတုမတီနန်းမြို့တော်နှင့် နန်းတော်ကို မင်းကြီးညို (ခရစ်နှစ် ၁၄၈၅-၁၅၃၁)က ၁၅၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။  မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသည့် မြို့တစ်မြို့ဖြစ်ယုံသာမက စည်းလုံးညီညွှတ်သော ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည် ဘူမိနက်သံနေရာ တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

            ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး၊  ညနေပိုင်းတွင် ဟံသာဝတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ သိန္နီတံခါးဝဲယာ မြို့ရိုးနှင့်ကျုံး ဖော်ထုတ်ထိန်းသိမ်း ထားရှိမှု၊ အရှေ့ဘက်မြို့ရိုးရှိ အင်းဝတံခါးပေါက်၏ ဝဲဘက်ယာဘက်တစ်လျှောက်ရှိ မြို့ရိုးနှင့်ကျုံး ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ၎င်းနေရာများရှိ မြို့ရိုးနှင့် ရေကျုံးကြား‌နေရာများတွင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ တွေ့မြင်သိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားနိုင်စေရေးအတွက် ဖော်ထုတ်ထိန်းသိမ်း ထားသော ဟံသာဝတီခေတ်၊ တောင်ငူခေတ် ယဉ်ကျေးမှုအမွေအနှစ်များနှင့်  အပန်းဖြေနေရာများ မြောက်ဘက်မြို့ရိုးရှိ ယိုးဒယားတံခါးပေါက်၊ တောင်ဘက်မြို့ရိုးရှိ ဇင်းမယ်တံခါးပေါက်နှင့် မိုးကောင်းတံခါးပေါက်များ ဖော်ထုတ်ထိန်းသိမ်းထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။ ပဲခူးဟံသာဝတီမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးမှုဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ အမှိုက်ကင်းစင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက် သွားရန်နှင့်  ယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာန များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားသည်။            ပဲခူးမြို့တွင် ဘုရင်မကြီးရှင်စောပု၊ ဓမ္မစေတီမင်းကြီး နန်းစိုက်ခဲ့ရာ ဟံသာဝတီ နန်းမြို့တော်နှင့် ဘုရင့်နောင်မင်းတရားကြီး (ခရစ်နှစ် ၁၅၅၁-၁၅၈၁) က ၁၅၅၃ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်တည်ထောင်ခဲ့သည့် ကမ္ဘောဇသာဒီနန်းမြို့တော်တို့ တည်ရှိပါသည်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် အင်အားကြီးသည့် တောင်ငူအင်ပါယာ(ခေါ်) လက်နက် နိုင်ငံတော်ကို စည်းရုံးထူထောင်နိုင်ခဲ့ပြီး ကမ္ဘောဇသာဒီသည် ဒုတိယမြန်မာနိုင်ငံတော်၏  အရေးပါ သည့် အုပ်ချုပ်မှုဗဟိုမြို့တော် သမိုင်းဝင်နေရာဖြစ်ခဲ့သည်။

Loading