ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)၊ အမြဲတမ်းအတွင်းဝန်၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ (၄-၅-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်(နေပြည်တော်) သို့ လာရောက်၍ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင် က အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဆောက် အဦ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ကျန်ရှိသည့် လုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ မေလအကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ စာဖတ်သူများ ပျော်ရွှင်စွာ လေ့လာဖတ်ရှုနိုင်သည့်နေရာဖြစ်အောင် ဖန်တီးထားရန်လိုကြောင်း၊ စာကြည့်တိုက်၏ ပတ်ဝန်းကျင်တွင် စာလာရောက်ဖတ်ရှုမည့်သူများ အပန်းဖြေနိုင်ရန်အတွက် ကော်ဖီအရောင်းဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ပါက ပိုမိုကောင်းမွန် မည်ဖြစ်ကြောင်း၊ စာဖတ်သူဦးရေကို ယခုလာရောက်ဖတ်ရှုသည့် နှုန်းထားထက် ပိုမိုမြင့်တက် လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စာကြည့်တိုက်၏ ပုံမှန်လုပ်ငန်းဖြစ်သည့် Digitization လုပ်ငန်းများကိုလည်း အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဌာန၏လုပ်ငန်းများ တိုးချဲ့နိုင်ရေး အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ပညာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက် နေသည့်အတွက် စာကြည့်တိုက်များသည်လည်း ပညာရေးမြှင့်တင်ခြင်းတွင်  ပါဝင်နေခြင်းကြောင့် စာကြည့်တိုက်များ တိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပညာသည် စာထဲတွင်ရှိသည့် အတွက်ကြောင့် စာဖတ်ရန် လိုအပ်ပါကြောင်း၊ စာဖတ်သူဦးရေတိုးတက်လာစေရန် အမျိုးသား စာကြည့်တိုက်များ၏ လှုပ်ရှားမှုများကို Social Media များတွင် တင်ပြခြင်း၊ မြဝတီရုပ်မြင် သံကြားနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်တို့မှတစ်ဆင့် Talk Show များ၊ Interview များရိုက်ကူး၍ အများပြည်သူများသိရှိနိုင်စေရန် ဆောင်ရွက်စေလိုကြောင်း လမ်းညွှန် ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) အဆောက်အဦအတွင်းရှိ တက္ကသိုလ်မြတ်သူ စာစုခန်း၊ Donor Collection ၊ ကလေးစာဖတ်ခန်း၊ Data Center ၊ အာဆီယံစာစုခန်း၊ ပေပြကွက်၊ e-Library ၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ ပုရပိုက်ခန်းနှင့် သုတေသနဌာနခွဲရုံးခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး စာကြည့်တိုက် အသုံးပြုသူများ ပိုမိုများပြားလာစေရေး ဆောင်ရွက်ရန်၊ စာအုပ်စာစောင်များအား Digital Format ပြုလုပ်ခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ အဆောက်အဦအတွင်းနှင့် စာပေပစ္စည်းများ ခြနှင့် ပိုးမွှားအန္တရာယ်များ ကင်းဝေးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Loading