ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးထွန်း၊အမျိုးသားဇာတ်ရုံ(မန္တလေး)နှင့်အနုပညာအထက်တန်းကျောင်းအဆောက်အအုံများပြုပြင်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး၍အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ(၁/၂၀၂၆)ကိုတက်ရောက်အားပေးဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း သည် မေလ ၁၃ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ရှိအနုပညာဦးစီးဌာနဝင်းအတွင်းသို့ရောက်ရှိကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) တာဝန်ရှိသူများက ဆောင်ရွက်နေသော အမျိုးသားဇာတ်ရုံအမိုး၊ မျက်နှာကြက်နှင့် မြင့်မိုရ်ပိတ်များပြုပြင်ပြင်ဆင်ရေးကို  ရှင်းလင်း တင်ပြခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမျိုးသားဇာတ်ရုံ ပြုပြင်ပြီးစီးပါက ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ဧည့်ခံ ကြိုဆိုနိုင်ရေး စနစ်တကျဆောင်ရွက်သွားရန် ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပန်တျာသင်ကြားဆောင်၊ ပန်းချီ၊ပန်းပုသင်ကြားဆောင်နှင့် ကျောင်းသားအိပ်ဆောင်များအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးကာ အဆောက်အအုံများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ အတွင်း  အချိန်မီ ပြီးစီးရေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

မေလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးအေးထွန်းသည် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ မဉ္ဇူသကဆောင်တွင်  ကျင်းပသော တက္ကသိုလ် အဆင့်ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား(၁/၂၀၂၆) ကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက သဘာပတိများအဖြစ် ဆောင်ရွက်ကြသည့်စာပေနှင့် အနုပညာရပ်ဆိုင်ရာ ပညာရှင်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ်က စာတမ်းရှင်များ အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အစီအစဉ်အရ ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကို ကျင်းပရာ “ရှေးရိုးတပင် တိုင်အက၏ သရုပ်ဖော်ကကြိုးကကွက်များလေ့လာချက်” စာတမ်းကို ဒေါ်အေးသက်မွန် (လက်ထောက်ကထိက – သဘင်) ကလည်းကောင်း၊ “မင်းတုန်းမင်းလက်ထက် (၁၈၅၃-၁၈၇၈) စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုများ၏ စီးပွားရေးသက်ရောက်မှုများ အပေါ်လေ့လာချက်” စာတမ်းကို ဒေါ်ရတနာဦး (နည်းပြ-စာပေ) ကလည်းကောင်း၊ “ဝေ ဿန္တရာဇာတ်တော်ကြီးကို ပြဇာတ်အသွင်ကူးပြောင်းတင်ဆက်ခြင်းအတတ်ပညာ” စာတမ်း ကို ဒေါ်ဂျော့လွင်လွင်မာ (ကထိက-ရုပ်ရှင်နှင့်ပြဇာတ်) ကလည်းကောင်း၊ “ဂျီဩမေတြီပုံ သဏ္ဌာန်များဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများရေးဆွဲပုံကို ဒီဇိုင်းပညာရပ်ရှုထောင့် မှလေ့လာချက်” စာတမ်းကို ဦးဟိန်းထက်နိုင် (နည်းပြ-ပန်းချီ) ကလည်းကောင်းဖတ်ကြားခဲ့ ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြ ပြီး နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ “မြန်မာ့ဆိုင်းဝိုင်း ပတ်လုံးပြုလုပ်ပုံနည်းစနစ်များလေ့လာချက်” စာတမ်းကို ဦးမျိုးမင်းခန့် (နည်းပြ-ဂီတ) က လည်းကောင်း၊ “ဖော့ဖြင့်ပုံဖော်ထွင်းထုထားသော ပန်းပုလက်ရာများလေ့လာချက်” စာတမ်း ကို ဒေါ်ဇာခြည်ဦး (ကထိက-ပန်းပု) ကလည်းကောင်း ဖတ်ကြားပြီး တက်ရောက်လာသူများ ၏ မေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ သင်ကြားဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ရှိ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနစုသို့ရောက်ရှိကာ ဌာနမှဝန်ထမ်းများနှင့် အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ  ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။            ထို့နောက်ဒုတိယဝန်ကြီးသည် အနုပညာအထက်တန်းကျောင်း (မန္တလေး) ရှိ ကျောင်းသား၊ကျောင်းသူကလေးများ၏ အကလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ ကြောင်းသတင်းရရှိပါသည်။

Loading