ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့ဟောင်းပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှုများ ကြည့်ရှုစစ်ဆေး

          ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့ရိုး၊ ကျုံးပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားမှု လုပ်ငန်းများကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

          ပြည်ထောင်စုဝန်ကြီးအား လက်ဝဲဝင်းဆောင်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူးက ကမ္ဘောဇသာဒီနန်းတော်၊ လက်ဝဲဝင်းဆောင်တွင် ပြသထားသော  ဘုံ(၉)ဆင့်ပါ နန်းတော်ပြာသာဒ်ဆောင် ပန်းပုလက်ရာ ပါရှိသော ကျွန်းပြားကြီးနှင့် စာပါနန်းတော် ကျွန်းတိုင်များ ခင်းကျင်းပြသမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူ ကြည့်ရှုနားလည်နိုင်စေရန် ကျွန်းတိုင်များအနီးတွင် ဤကျွန်းတိုင်များရရှိပုံ၊ မူလအနေအထားတို့ကို ရှင်းလင်းချက်စာသားများထားရှိရန် မှာကြားသည်။ ထို့နောက် လက်ဝဲ ဝင်းဆောင်၊ လက်ယာဝင်းဆောင်တွင် ပြသထားသော Panel Board ရှိ ရှင်းလင်းဖော်ပြချက်များနှင့် မြေနန်းပြာသာဒ်ဆောင်ရှိ သီဟာသနပလ္လင်နှင့် မင်းခမ်းတော်ပစ္စည်းများ၊ လက်ယာဝင်းဆောင်တွင် ပြသထားသော နန်းတော်ကျွန်းတိုင်များနှင့် မုတ္တမစဉ့်အိုးကြီးတို့အား ကြည့်ရှုစစ်ဆေးပြီး သမိုင်း အထောက်အထားများ မှန်ကန်မှုရှိစေရေး၊ ထိခိုက်ပျက်စီးမှုမရှိစေရေးတို့ ဆောင်ရွက်ရန်၊ မိုးရာသီပတ်ဝန်းကျင် စိမ်းလန်းစိုပြည်နေချိန်တွင် ကမ္ဘောဇသာဒီနန်းတော်ကြီးအား Drone ဖြင့် မှတ်တမ်းတင်ရိုက်ကူးထားရန် မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုရင့်နောင်  မင်းတရားကြီး၏ မြင်း(၁၆) ကောင် ကသော ရထားတော်ကြီးဆောင်သို့ ရောက်ရှိ၍ မြင်းများတွင် ကကြိုးတန်ဆာများ ပြည့်ပြည့်စုံစုံတပ်ဆင်ရန် မှာကြားသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟံသာဝတီမြို့ဟောင်း အရှေ့ဘက်မြို့ရိုးရှိ အင်းဝ တံခါးသို့ရောက်ရှိပြီး မြို့ရိုးနှင့် ကျုံးကြားနေရာများတွင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်နှင့်  ယဉ်ကျေးမှုအမွေအနှစ်များကို ပြည်သူများ တွေ့မြင်သိရှိပြီး ဂုဏ်ယူမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ရှင်းလင်းချက်များရေးသားထားရန်ဆွေးနွေးပြီး ဖော်ထုတ်ထိန်းသိမ်းထားသော နေရာများအား ကြည်ရှု့

စစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များ အပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ခွဲဝေချထားပေးမှုဖြင့် ဖော်ထုတ် ဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များအား ရေရှည်တည်တံ့ကြံ့ခိုင်အောင် စနစ်တကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ် ခရီးသွားလုပ်ငန်း နေရာများအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လမ်းညွှန် မှာကြားသည်။ ထို့နောက် ဟံသာဝတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး တံခါးပေါက် (၅)ပေါက်အနက် အလယ်တည့်တည့်အပေါက်ဖြစ်သော မုတ္တမတံခါးသို့ရောက်ရှိ ကြည့်ရှု စစ်ဆေး၍ ကျုံးကူးတံတား တည်ရှိခဲ့မှုအနေအထားအား သမိုင်းအထောက်အထားများ ရှာဖွေ လေ့လာ ဆောင်ရွက်ရန် လမ်းညွန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Loading