ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်အမျိုးသားပြတိုက်(ရန်ကုန်)မှဝန်ထမ်းများအားတွေ့ဆုံ၍ခင်းကျင်းထားမှုများအားကြည့်ရှုစစ်ဆေး ရန်ကုန်၊မေ၂၂

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ၂၂-၅-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          အမျိုးသားပြတိုက်(ရန်ကုန်) ညွှန်ကြားရေးမှူးက အမျိုးသားပြတိုက်(ရန်ကုန်) သမိုင်းကြောင်းနှင့် ပြတိုက်ဆိုင်ရာလုပ်ငန်းများ ရှေ့ဆက်လက်၍ ပြုပြင်ခင်းကျင်းမည့်ကိစ္စများအား  ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာပြတိုက်များ၏ ယခုကာလ ဦးတည်ချက် လမ်းကြောင်း များနှင့်လျော်ညီစွာ ပြည်သူလူထုအဖွဲ့အစည်းများကိုယ်တိုင်  ပြတိုက်များတွင်ပါဝင် ဆောင်ရွက် စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရှေးဟောင်းပစ္စည်းများကို ပြတိုက်ထဲတွင် သိမ်းဆည်းပြသထားခြင်းထက် special Exhibition များပြုလုပ်၍ အများပြည်သူရှိရာ နေရာများတွင် ပြသနိုင်ရေးဆောင်ရွက်သွားရန်၊ အခြားနိုင်ငံမှ ပြတိုက်များ၏ ခင်းကျင်းပြသထားမှု များကို လေ့လာနိုင်ရန်အတွက် ပညာတော်သင်စေလွတ်၍ ပြတိုက်ဆိုင်ရာပညာရပ်များအား ပြန်လည် မျှဝေဆောင်ရွက်သွားစေရန်၊ Ditgital Museum အဆင့်မြှင့်တင်နိုင်ခြင်း ဆောင်ရွက်နေပြီဖြစ်၍ အမြန်ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်သွားရန်၊  ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား၍ ထိန်းသိမ်းနည်းစနစ်မှန်ကန်စွာဖြင့် ခင်းကျင်းပြသရန်၊ အများပြည်သူများအနေဖြင့် ယဉ်ကျေး မှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ် ရှင်သန်ထက်သန်လာစေရေးအသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ပေးရာတွင် ဆိုရှယ်မီဒီယာများမှ တစ်ဆင့်လည်း အသိပညာပေးမှုများ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါသည်။

        ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်(ရန်ကုန်) မြေညီထပ်ရှိ      သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့အက္ခရာနှင့်လက်ရေးမူပြခန်းနှင့်  ပထမထပ်ရှိ မင်းခမ်းတော် ပစ္စည်း များပြခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လက်ရာအဆင့်မြင့်သော မင်းခမ်းတော်ပစ္စည်းများသည် မိမိတို့ဘိုးဘွား များ၏ နေထိုင်သုံးစွဲမှုအဆင့်အတန်းကို သိသာစေသောကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်       မြင့်မားစွာ နေထိုင်ခဲ့ခြင်းကို သိနားလည်စေကြောင်း၊ ပျောက်ဆုံးပျက်စီးမှုမရှိအောင် အထူးဂရုပြု ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအင်အားဖြည့်တင်း၍ လုံခြုံရေးမှစပြီး ဝန်ထမ်းများ အရေအသွေးမြင့်မားရေးကိုလည်း လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ ပရိုင်းမိတ် ကာလမှစ၍ မြန်မာ့ရေမြေတွင် လူ၏အဦးအစဖြစ်သည့် နှစ်သန်းပေါင်း ၄၀ ခန့်သက်တမ်းရှိ သတ္တဝါရုပ်ကြွင်းများ၊ နှစ်ပေါင်း တစ်သိန်းကျော်ကာလက လူသားသုံးစွဲခဲ့သည့်  အညာသား ယဉ်ကျေးမှုဆိုင်ရာ ကျောက်လက်နက်များ၊ ၎င်းမှ နှစ်ပေါင်း(၃၀၀၀) ကျော်ကာလ လူသားများ သုံးခဲ့သည့် ကြေးလက်နက်ကိရိယာပစ္စည်းများကို ပြသထားရာ မြန်မာ့ရေ၊ မြန်မာ့မြေပေါ်တွင် မိမိတို့ ဘိုးဘွားများ စဉ်ဆက်မပြတ် နေထိုင်ခဲ့သည့် သမိုင်းအမှန်ကို ကြည့်ရှုသူများ နားလည်သိမြင်အောင် ရှင်းလင်းချက်များ၊ ပြကွက်များဖြင့် ပြသသွားရန်လိုကြောင်း၊ လူငယ်များ ပြတိုက်ကြည့်ရှုလိုအောင် ဖိတ်ခေါ်ခြင်း၊ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

Loading