ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများနှင့် နိုင်ငံပိုင်ဟိုတယ်တို့ကို လှည့်လည်စစ်ဆေး

ပုဂံမြို့၊ ဇွန်  ၆

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်   ဝန်ကြီးဌာန မှ တာဝန်ရှိသူများ လိုက်ပါလျက် (၅.၆.၂၀၂၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ဌာနဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နိုင်ငံပိုင်ဟိုတယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ပုဂံရုံးခွဲတို့မှ ဝန်ထမ်းများအားတွေ့ဆုံရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ ဒုတိယ ညွှန်ကြားရေးမှူးတို့က ဌာနလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပြီး ခရီးသွားကဏ္ဍမြှင့်တင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် စီးပွားရေးအလို့ငှာ ဝန်ဆောင်မှု ပေးသောလုပ်ငန်း ဖြစ်ပြီး ယဉ်ကျေးမှုသည်အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် သမိုင်းကြောင်းရှည်လျားသည့် နိုင်ငံ ဖြစ်သည့်အတွက် ဘိုးဘွားများတည်ဆောက်ခဲ့သော သမိုင်းကိုထိန်းသိမ်းပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ဖော်ထုတ်မှုများကိုလည်း အများပြည်သူများ သိရှိအောင် မီဒီယာ ကဏ္ဍ အပါအဝင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် မိမိတို့ နိုင်ငံ၏ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ဖော်ထုတ်ပေးခြင်းဖြစ်သလို ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည်လည်း အရေးကြီးသောတာဝန်ကို ထမ်းဆောင်နေကြရ သူများဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အကျိုးရှိသည့်လုပ်ရပ်များကြောင့် ဂုဏ်သိက္ခာ ရှိရှိနေနိုင်မှာဖြစ်ပါကြောင်း၊ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ အတွက်လည်း အချက် ၄ ချက် မှာကြားလိုပါကြောင်း၊ ဧည့်သည်များများလာရန်၊ ကြာကြာနေရန်၊ ငွေများများသုံးရန်၊ ကောင်းသတင်းတွေ များများဖြန့်ရန်  ဦးတည်ပြီး ခရီးသွားကဏ္ဍတိုးတက်ရေးကို အမွေအနှစ် ထိခိုက်မှုမရှိဘဲ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြခန်းများအား  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပုဂံသို့ လာရောက်လည်ပတ်သူများအား ပြတိုက်သို့မရောက်ရှိခဲ့ပါက ပုဂံသို့လာလည်မှုမှာပြည့်စုံမှုမရှိကြောင်း အများပြည်သူ သိရှိနိုင်အောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI)အဖွဲ့မှ ပညာရှင်များ  ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် မီးငြိမ်းကုန်းဂူဘုရားအား  ကြည့်ရှု စစ်ဆေးခြင်း၊ နိုင်ငံပိုင်ပုဂံသံတဲဟိုတယ်သို့ ကြည့်ရှုစစ်ဆေးခြင်း၊ အိန္ဒိယနိုင်ငံ (ASI) အဖွဲ့မှ ပညာရှင်များ  ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် မဟာဗောဓိဂူဘုရား၊   တရုတ်-မြန်မာ ချစ်ကြည်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းဆောင်ရွက်နေသည့်  သဗ္ဗညုဂူဘုရား၊ အိန္ဒိယ နိုင်ငံ (ASI)အဖွဲ့မှပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ခဲ့သည့် နတ်လျောင်းကျောင်းတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များအား ယခုကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးသည့်အတွက် များစွာ ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများကို အဓွန့်ရှည်နိုင်စေရေး ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ကျေးဇူးတင်စကားပြောကြားပါသည်။  ဆက်လက်၍ ငကျွဲ‌နားဋောင်းဘုရား အုတ်မြစ် တူးဖော်သုတေသန လုပ်ငန်းခွင်အား  ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်း လက်ရာ၊ ရှေးမူလက်ရာများကို ယခုကဲ့သို့ ဖော်ထုတ်ခြင်းသည် နိုင်ငံနှင့် အမွေအနှစ်များအတွက် များစွာအကျိုးရှိပါကြောင်း၊ စနစ်တကျဖြင့် သုတေသနပြုခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Loading