ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ နန်းတော်ရာ၊ အနော်ရထာမင်း၏ရွှေနန်းတော်ကြီး၊ ရှေးခေတ်ရေလမ်းကြောင်းများ လှည့်လည်စစ်ဆေးခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်အသင်းအဖွဲ့များနှင့် တွေ့ဆုံခြင်း၊ ယွန်းထည်လုပ်ငန်းနှင့် ပုဂံမြို့ဟောင်း Bagan Information and Training Centerသို့ ကြည့်ရှုစစ်ဆေး

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တာဝန် ရှိသူများ လိုက်ပါလျက် ၆.၆.၂၀၂၆ ရက်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများ၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏နန်းတော်ရာ၊ အနော်ရထာမင်းကြီး၏ ရွှေနန်းတော်ကြီး၊ ရှေးခေတ် ရေလမ်းကြောင်းအမှတ် (၁)တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၆.၆.၂၀၂၆ ရက် နံနက်ပိုင်းတွင်  ဧဒင်လုပ်ငန်းစုဝင်း အတွင်းရှိ အဂ္ဂတေ့ဂူဘုရား၊ ပေါင်းကူးကုန်းဘုရားတို့၏ ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာ့သမိုင်းစဉ်ခေတ် ဆင့်ကဲပြောင်းလဲလာမှု၊ ပုဂံခေတ်အစောပိုင်း ဗုဒ္ဓဘာသာ ထွန်းကားမှုတို့ကို သက်သေပြနိုင်သည့် ပေါင်းကူးကုန်းဘုရားကဲ့သို့သော ရှေးဟောင်းစေတီ၊ ဂူဘုရား များ၏ သမိုင်းတန်ဖိုးမြင့်မားမှု၊ ပုဂံခေတ်ဗုဒ္ဓဘာသာသည် ပျူခေတ်ကာလ ဗုဒ္ဓဘာသာထွန်းကားမှု နှင့်အတူ တည်ရှိနေမှု၊ အနုပညာနှင့် ဗိသုကာတိုးတက်ထွန်းကားမှုတို့ကို သုတေသနပြု၍ အများ ပြည်သူသိရှိစေနိုင်ရန် အသိပညာပေးဖြန့်ဝေရန်နှင့် သမိုင်းအမှားများကို တိကျခိုင်မာသည့် အထောက် အထားများဖြင့် ချေဖျက်နိုင်စေရေး သုတေသနပြုဖော်ထုတ်မှုများကို ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ပြီး ရှေးဟောင်းအဆောက်အအုံများအား အများပြည်သူ ဖူးမြော်လေ့လာနိုင်စေရေးနှင့် သန့်ရှင်း သာယာလှပစေရေးတို့အတွက် အလေးပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။ ထို့နောက် ဗူးဘုရားအား ဖူးမြော်ကြည်ညို၍ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ထားရှိမှု၊ ကြိုတင် ကာကွယ်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ဆက်လက်၍ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ နန်းတော်ရာနေရာနှင့်  မဟာရာဇ သိရီအနိရုဒ္ဓဒေဝ အနော်ရထာမင်းကြီး၏ သိရီဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီးကို ကြည့်ရှုစစ်‌ဆေး၍ ပြည်ထောင်စုဝန်ကြီးက ရှေးခေတ်နန်းတော်များကို ပြန်လည်ဖော်ထုတ်ခြင်း၊ တူးဖော်သုတေသန ပြုခြင်းဖြင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ မြို့ပြဖွဲ့တည်မှု၊ လူမှုဘဝနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ သိရှိနိုင်ခြင်း၊ ခေတ်ပြိုင်ကာလအထောက်အထားများ၊ ကျောက်စာပါ အထောက်အထားများဖြင့်လည်း နှိုင်းယှဉ်သုတေသနပြုလုပ်နိုင်သည့်အပြင် Site Museum အဖြစ် လည်း လေ့လာနိုင်သည်ဖြစ်ရာ ပိုမိုခိုင်မာသည့် အထောက်အထားများ ဖော်ထုတ်နိုင်ရေးအတွက် စနစ်တကျ တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန်နှင့် အများပြည်သူ ပိုမိုစိတ်ဝင်စားစေသော ပြသမှုများဖြင့် စီစဉ်ပြသသွားရန် မှာကြားခဲ့ပါသည်။

           ဆက်လက်ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရှိ ဓာတ်ခွဲခန်း တွင် ဓာတ်ခွဲခန်းဆိုင်ရာပစ္စည်းများ အသုံးပြုမှု၊ ဓာတုဗေဒဆေးဝါးများအသုံးပြုမှုနှင့် လက်တွေ့ အသုံးချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ၎င်းနောက် ပုတ္တလင်ဘုရားနှင့် သရဝတ်တံခါးအနီးရှိ ရေလမ်းကြောင်းအမှတ်-၁ တွင် ပါဝင်သော ပုဂံနန်းမြို့ရိုးအရှေ့ဘက်ကျုံးနေရာအား ပြုပြင်ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် အာနန္ဒာဂူဘုရားနှင့် ထီးလိုမင်းလိုဂူဘုရားတို့ကို ဖူးမြော်ကြည်ညိုခဲ့ပြီး အဆိုပါဂူဘုရားများ တွင် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           နေ့လယ်ပိုင်းတွင် Heritage Hotel တွင် ပြည်ထောင်စုဝန်ကြီးသည် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်အသင်းအဖွဲ့များဖြစ်သော မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ ပုဂံဧည့်လမ်းညွှန်များအသင်း၊ မြန်မာ နိုင်ငံ ခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)  ၊ Bagan Plastic Campaign အဖွဲ့၊ နိုင်ငံပိုင်ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပုဂံဒေသတွင် ယဉ်ကျေးမှုကိုအခြေခံသောခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနများ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ ပိုမို လာရောက်စေရန် ပုဂံဒေသသို့လာရောက်သော ခရီးသွားဧည့်သည်များမှတစ်ဆင့် နိုင်ငံ၏ မှန်ကန် သော သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊  ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ မရောက်ရှိဖူးသော နိုင်ငံခြားသားခရီးသည်များ ပိုမိုဝင်ရောက်လာ နိုင်မည်ဖြစ်ကြောင်း နှင့် ခရီးသည် ဝင်ရောက်မှုနည်းပါးသည့်ကာလတွင် ခရီးသွားကဏ္ဍရှိ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင် ရည် မြှင့်တင်ရန် သင်တန်းများပေးရန်လိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းခဲ့မှုများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

၇.၆.၂၀၂၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ ရှေးမူ လက်ရာ မပျက်ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် ဆင်ကအုတ်တိုက်သို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး ထိန်းသိမ်း ရေးဆိုင်ရာလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြုဆောင်ရွက်ရန်နှင့် ပြုပြင် ထိန်းသိမ်းပြီးအခြေအနေများကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းရှိ ယွန်းထည်အလုပ်ရုံတွင် ယွန်းထည်ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို ကြည့်ရှုခဲပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသော ပုဂံ မြို့ဟောင်းရှိ Bagan Information and Training Center သို့ ခရီးသွားဧည့်သည်များအတွက် စီစဉ် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပုဂံ-ညောင်ဦးမှ နေ့လယ်ပိုင်းတွင် ပြန်လည် ထွက်ခွာခဲ့ပါသည်။

Loading