ရန်ကုန်၊ ဇွန် ၇
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် တာဝန်ရှိသူများနှင့်အတူ ၇-၆-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ လာရောက် ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား အကြီးစားပြုပြင်မွမ်းမံထိန်းသိမ်းနိုင် ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေးလုပ်ငန်း ကော်မတီကို ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်(၁၂)ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီ ဥက္ကဋ္ဌများပါဝင်သော ပညာရှင်အဖွဲ့ တို့နှင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပြီးစီးမှုအခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဦးစီးဌာနနှင့်အတူ ဝိုင်းဝန်းအကြံဉာဏ် ပေးခဲ့ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းအဆောက်အအုံများသည် အလွန်တန်ဖိုးကြီးမားပြီး မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ဖော်ပြသည့် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား အကြီးစားပြုပြင် မွမ်းမံထိန်းသိမ်းနိုင်ရန်အတွက် လမ်းညွှန်မှာကြားခဲ့ ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား အကြီးစားပြုပြင် မွမ်းမံထိန်းသိမ်း နိုင်ရန်အတွက် ၁၃-၁၁-၂၀၂၅ ရက်နေ့တွင် အဆောက်အဦ ဦးစီးဌာနက ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီးဖြစ်ရာ လာမည့် အာဇာနည်နေ့တွင် ပြခန်းတိုးချဲ့ပြသမှုများ ရှေးမူလက်ရာမပျက် ကြံ့ခိုင်အောင် ဆောင်ရွက်မှုများဖြင့် ပြသနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံအကြီးအကဲလမ်းညွှန်ချက်နှင့်အညီ မီးခလုတ်၊ မီးကြိုး၊ မီးစလောင်း၊ ရေပိုက်၊ ရေဘုံဘိုင်ခေါင်းမှ အစပြု၍ လွန်ခဲ့သော နှစ် (၁၀၀) ကျော်က သုံးစွဲခဲ့သည့် ပစ္စည်းများ အသုံးပြုထားသည်မှာ ကောင်းမွန်ကြောင်းနှင့် နှစ်စဉ် စနစ်တကျ ထိန်သိမ်းသွားရန် လိုပါကြောင်း၊ ခြံဝင်းအတွင်းရှိ ရေကန်ကိုလည်း R.C ပြုလုပ်ထားသောကန်အစား မူလ ပုံသဏ္ဌာန် မပျက် ဓာတ်ပုံမှတ်တမ်းများရှာဖွေ၍ ပြုပြင် ထားသည်ကိုတွေ့ရှိရကြောင်း၊ ရေဝင်နှင့် ရေထုတ် စနစ်ကို အမြဲစောင့်ကြည့် ပြုပြင်ထိန်းသိမ်းရန်လိုပါကြောင်း၊ ဆက်လက်၍လည်း ပျက်စီးမှု ထိခိုက်မှုများနှင့် မိုးရာသီကာလတွင် ယိုယွင်းမှုများရှိပါကလည်း ကူညီပြုပြင်ပေးသွားစေလိုပါကြောင်း မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၏ ပြုပြင် ထိန်းသိမ်းမှုများကို စစ်ဆေးကြည့်ရှုပြီး အချောသတ်လုပ်ငန်းအချို့ အမြန်ပြီးစီးအောင်ဆောင် ရွက်ရန်၊ အဆောက်အအုံများ မိုးလုံရန်လိုအပ်ကြောင်း၊ အဆောက်အဦအား စဉ်ဆက်မပြတ် စောင်ကြည့်စစ်ဆးရန်လိုအပ်ကြောင်း၊ အစားထိုးထားသည့်ပစ္စည်းများကို ခြ၊ ပုရွက်ဆိတ် ဖျက်ဆီးမှု အန္တရာယ်မှ စောင့်ကြည့် ကာကွယ်ရန်လိုအပ်ကြောင်း၊ ရေစနစ်များ အမှန်တကယ်အသုံးချ ရ/မရ စစ်ဆေးရန် လိုအပ်ကြေင်း၊ Landscape မြက်စိုက်ပျိုးခြင်းများ ကွက်ကြားမဖြစ်စေရန်နှင့် ဖြစ်နိုင်ပါက မြက်များ အပြည့်စိုက်ထားပေးစေလိုကြောင်း၊ မီးဘေးလုံခြုံရေးစီမံချက် ရေးသားထား ရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ခင်းကျင်းမှုများကိုလည်း ယခုလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ခင်းကျင်းပြရာတွင်လည်း ရှင်းလင်းချက် စာသားများ ပြည့်စုံအောင်ရေးသားရန်၊ ဗိုလ်ချုပ်အသုံးပြုခဲ့သော မော်တော်ယာဉ်ကိုလည်း အပတ်စဉ် စက်နှိုးခြင်း၊ ထိန်းသိမ်းမွမ်းမံခြင်း မှန်မှန်ပြုလုပ်ပေးရန်၊ သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးများလည်း ယခင်ထက်ပိုမိုကောင်းမွန်အောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကူညီဆောင်ရွက် ပေးရန်၊ မီးဘေးကာကွယ်ရေး၊ မိုးကြိုးလွှဲများလည်း အမြဲစစ်ဆေးပေးရန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

![]()