နေပြည်တော် ဇွန်လ ၁၉
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ် အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ အမှာစကားပြောကြားရာတွင် အစည်းအဝေး ကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ က တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းရန်နှင့် တိမ်မြုပ်ပျောက်ကွယ် နေသည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသနပြုပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်အတွက် ပြုလုပ် ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များသည် နှစ်ပေါင်းထောင်ချီ တည်တံ့နေခဲ့ပြီး မိမိတို့နိုင်ငံ၏ ဂုဏ်ယူဖွယ်ပုံရိပ်ဖြစ်သည့်အတွက် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေ ပေးနိုင်ရန်နှင့် ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါကြောင်း၊ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပေါ်ထွန်းခဲ့သည့် လူသားမျိုးနွယ်၏ အစောဆုံး မူလအစ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည့် သမိုင်းမတင်မီခေတ်များသည်လည်း မြန်မာ့မြေပေါ်တွင် တစ်ဆက် တစ်စပ်တည်းဖြစ်တည် ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ထို့ပြင် သမိုင်းတင်ခေတ်၊ ပျူခေတ် ယဉ်ကျေးမှုပေါ်ထွန်းခဲ့ပြီး ရှေးပျူမြို့ဟောင်းများ အသီးသီး ထွန်းကားခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ၏ အသိအမှတ်ပြု ခံခဲ့ရပါကြောင်း၊ ပျူခေတ်နောက်ပိုင်းတွင် ထွန်းကားခဲ့သည့် ပုဂံခေတ်၏ ဗိသုကာလက်ရာများသည် ထူးခြားမြင့်မားလှပြီး အနုပညာ၊ ဗိသုကာပညာရပ်များကို ကိုယ်ပိုင်ဟန်ဖြင့် လက်ရာမြောက်အောင် ဖန်တီးခဲ့ကြသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပါကြောင်း၊ ပုဂံခေတ်၏ ဗိသုကာပညာ၊ နံရံဆေးရေး ပန်းချီနှင့် ရှေးခေတ်ရေစီမံခန့်ခွဲမှုများသည် ထိုခေတ်က တီထွင်ဖန်တီးနိုင်မှုနှင့် အဆင့်အတန်း မြင့်မားခဲ့မှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် UNESCO ၏ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သည့် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ပုံပြင်၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် ဆယ့်နှစ်လ ရာသီပွဲတော်များသည် တိုင်းရင်းသားလူမျိုးစုအားလုံးတို့တွင်လည်း သူ့အစဉ်အလာနှင့်သူ ရှိနေပါ ကြောင်း၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ ထိန်းသိမ်းစောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသား မျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း၊ ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို UNESCO သို့ တင်ပြထားပြီး မြန်မာ့ထမနဲကိုလည်း ဆက်လက်တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များသာမက တိမ်မြုပ်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိမ်မြုပ် ပျောက်ကွယ်လုဖြစ်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း သုတေသနပြုရှာဖွေ ဖော်ထုတ်ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို ကာကွယ်ထိန်းသိမ်းဖော်ထုတ်ခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့နှင့် သက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါကြောင်း၊ ဌာန တစ်ခုနှင့်တစ်ခု ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ မိမိတို့၏ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် များကို ရေရှည်တည်တံ့စေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီအနေဖြင့် မူဝါဒ ချမှတ်ပေးခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲ ရှိလာပါကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာများနှင့် အတူပါလာသည့် တိုင်းတစ်ပါး ယဉ်ကျေးမှုများ လွှမ်းမိုးမလာစေရန် ထိန်းသိမ်းကာကွယ်ရန် လိုအပ်သလို မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမများ၊ တိုင်းရင်းသားရိုးရာ အကနှင့် ဂီတယဉ်ကျေးမှု အနုပညာများကို ထိန်းသိမ်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို အနှစ်သာရရှိရှိ၊ အဓိပ္ပာယ်အပြည့်ဖြင့် နှစ်စဉ်ကျင်းပပေးခဲ့သည်မှာ ငွေရတုကို ကျော်လွန်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး တို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများကို ကော်မတီက အလေးထားကြိုးပမ်းဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်၍ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါကြောင်း၊ ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြည်သူလူထု အကြား ချပြရှင်းလင်း အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း မဖြစ်မနေ လိုအပ်မှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းမှု၊ ကာကွယ်စောင့်ရှောက်မှုများသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးရာ ရောက်ပြီး နိုင်ငံ အတွက် ကောင်းမွန်သည့် ပုံရိပ်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် လုပ်ငန်း ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားဖို့လည်း လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် တိုင်းတစ်ပါး ယဉ်ကျေးမှု အပေါ် နှစ်သက်မြတ်နိုးပြီး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးမထားဘဲ ပစ်ပယ်လာကြမည်ဆိုပါက အမျိုးသားရေး စိတ်ဓာတ်လျော့ပါးလာမှာ ဖြစ်ပါကြောင်း၊ တိုင်းတစ်ပါး ယဉ်ကျေးမှု မလွှမ်းမိုးအောင်လည်း အထူးဂရုပြုရမှာဖြစ်ပါကြောင်း၊ မြန်မာတို့၏ ထင်ရှားသည့် ပန်းဆယ်မျိုးကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ့ ဇာတ်သဘင် တစ်ခေတ်ဆန်းပြီး လူထုစိတ်ဝင်စားလာချိန်တွင် မြန်မာ့ဇာတ်သဘင် တိုးတက်ဖို့နဲ့ လမ်းမှားမရောက်ရေး ထိန်းကျောင်းပေးကြဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မြင့်နှင့် အတွင်းရေးမှူး ဦးအေးထွန်းတို့က မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။
ယင်းနောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်ဝန်ကြီးဌာနတို့မှ ပေးပို့တင်ပြလာသော အမှာစာများအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က အစည်းအဝေးတက်ရောက်သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၅ : ၃၀ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။(သတင်းစဉ်)
![]()