ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသန်လျင်မြို့ရှိ နတ်သျှင်နောင် အထိမ်းအမှတ်ဂူ၊ ဝန်ကြီးပဒေသရာဇာအထိမ်းအမှတ်ဂူနှင့် ပေါ်တူဂီ ဘုရားရှိခိုးကျောင်းဟောင်း နေရာတို့အား ကြည့်ရှုစစ်ဆေးခြင်း

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း သည် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ နတ်သျှင်နောင် အထိမ်းအမှတ်ဂူ၊ ဝန်ကြီးပဒေသရာဇာ အထိမ်းအမှတ်ဂူနှင့် ပေါ်တူဂီဘုရားရှိခိုး ကျောင်းဟောင်း တို့၏ အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ တောင်ငူခေတ် စာဆိုတော် နတ်သျှင်နောင်အထိမ်းအမှတ်ဂူ၊ မြန်မာ့စာပေသမိုင်းတွင် ထင်ရှားလှသည့် ညောင်ရမ်းခေတ်စာဆိုတော် ဝန်ကြီးပဒေသရာဇာ၏ အထိမ်းအမှတ် ဂူဗိမာန်နှင့် သန်လျင်မြို့ ရေနံရပ်ကွက်တွင် တည်ရှိသော ကက်သလစ်ဘာသာရေးသမိုင်းအရ အထူးထင်ရှားပြီး သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်သည့် “အပြစ်မဲ့သန္ဓေယူသည့် မယ်တော်သခင်မဘုရားကျောင်း” (ခေါ်) ပေါ်တူဂီဘုရားရှိခိုးကျောင်းဟောင်းတို့သို့ သွားရောက်ကာ ရေရှည်တည်တံ့စေရန်အတွက် ပြုပြင် ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူးက နတ်သျှင်နောင်သည် တောင်ငူခေတ် မြန်မာ့သမိုင်းတွင် ထင်ရှားလှသော မင်းတစ်ပါးဖြစ်ကြောင်း၊ မြန်မာ့စာပေလောကတွင် ထူးချွန်လှသော ရတု စာဆိုတော်တစ်ဦးဖြစ်ပြီး ဝန်ကြီးပဒေသရာဇာသည်လည်း မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် ညောင်ရမ်းခေတ်စာဆိုတော်ဖြစ်ရာ ၎င်းတို့၏ ဂူဗိမာန်များသည် စာပေသမိုင်းကြောင်းအရ အလွန်တန်ဖိုး ကြီးမားလှသောနေရာများ ဖြစ်ပါကြောင်း၊ ပေါ်တူဂီဘုရားရှိခိုး ကျောင်းဟောင်းသည် ၁၇ ရာစု ခေတ်ဦးပိုင်း (အေဒီ ၁၇၄၉ ခန့်) ကတည်းက အုတ်၊ သဲ၊ ထုံးသရွတ် စသည့် ရှေးဟောင်း ဗိသုကာစနစ်များဖြင့် ကြံ့ခိုင်စွာ တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကြီးများအနက်မှ တစ်ခုဖြစ်ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုမြို့ရှိ စိန်ပေါဘုရားကျောင်းဟောင်းနှင့် ခေတ်ပြိုင်ဟုသိရှိရပါကြောင်း၊ သို့ဖြစ်၍ ဘာသာရေး ဆိုင်ရာ သမိုင်းကြောင်းအရလည်းကောင်း၊ ယဉ်ကျေးမှုချင်းဆုံစည်းရာ အထိမ်းအမှတ်အဖြစ် လည်းကောင်း အလွန်တန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်ပါကြောင်းနှင့် ရှေးဟောင်းအဆောက် အအုံများဖြစ်သည့်အတွက် နှစ်ကာလကြာမြင့်မှုကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကြောင့်လည်းကောင်း ယိုယွင်းလာသည့် အစိတ်အပိုင်းများကို ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများ၊ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများ၊ ဌာနမှ ထိန်းသိမ်း စောင့်ရှောက်ထားသော ရှေးဟောင်းအဆောက်အအုံများအကြောင်းကို အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံများနှင့် သမိုင်းဝင်နေရာများသည် မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု အမွေအနှစ်များဖြစ်၍ မူလလက်ရာ မပျက်စေရန် အထူးဂရုပြု ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းသမိုင်းဝင်နေရာများကို အခြေခံ၍ ပြည်တွင်းပြည်ပမှ လာရောက်လေ့လာနိုင်သည့် “စာပေအခြေခံခရီးသွားလုပ်ငန်း” နှင့် ဘာသာရေးဆိုင်ရာ ဘုရားဖူးခရီးစဉ်များကို ပိုမိုဆွဲဆောင် မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ဝိုင်းဝန်းဖော်ဆောင်သွားကြရန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

Loading