ပေါင်းကူးဘုရားသည် မြင်းကပါရွာ၏ အနောက်မြောက်ဘက် ရှေးဟောင်းအဆောက်အအုံ အမှတ်(၁၃၄၀) အဂ္ဂတေ့ဂူဘုရားကြီး၏ အနောက်တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးနှင့် ဧဒင်လုပ်ငန်း အုပ်စုအတွင်းတွင် တည်ရှိပါသည်။ တွေ့ရှိရသည့် ပုံသဏ္ဌာန်အရ အရွယ်ကြီးမားသည့် စေတီတစ်ဆူဖြစ်ပြီး အရှေ့ဘက်ခြမ်းကပ်လျက်တွင် ဘုန်းကြီးကျောင်းအဆောက်အဦ အကြွင်း အကျန်ကို တွေ့ရှိရပါသည်။
ပေါင်းကူးဘုရား၏ ဗိသုကာလက်ရာမှာ စတုရန်းပုံ အောက်ခြေအပေါ်တွင် ရှစ်မြှောင့် ပုံစံ ပစ္စယံ(၂)ခု ၎င်းအပေါ်တွင် စက်ဝိုင်းပုံစံ ပစ္စယံ(၁)ဆင့်ခံ၍ စတုရန်းပုံ အလယ်ဌာပနာတိုက် ပါရှိပါသည်။ အရှေ့ဘက် ခြမ်းတွင် စတုဂံပုံ ကျောင်းဆောင်ကြီး(၂)ဆောင်ကြားရှိပြီး အရှေ့ဘက် အာရုံခံမှာ လုံးဝန်းသော ခေါင်းလောင်း ပုံစံ ဖောင်းရစ်ဖြင့် တန်ဆာဆင်ထားပြီး သစ်သားတိုင် အကြွင်းအကျန်ကိုလည်း တွေ့ရှိ ရပါသည်။
ပေါင်းကူးဘုရား၏ လက်ရှိကြွင်းကျန်ရစ်သော ပုံသဏ္ဌာန်အထောက်အထားများအရ အထက်ပိုင်း သည် စက်ဝိုင်းပုံစံစေတီဟု ယူဆရပြီး အိန္ဒိယနိုင်ငံရှိ သုဇာတာနေအိမ်ရှိ တည်ထားသော စေတီပန္နက်ပုံနှင့် ဆင်တူခြင်း၊ ဗိဿနိုးမြို့ဟောင်းရှိ ကုန်းအမှတ်-KKG (၃)၏ ပန္နက်ပုံစံ နှင့်ဆင်တူခြင်း၊ သရေခေတ္တရာ မြို့ဟောင်းရှိ ဘောဘောကြီးစေတီတို့နှင့်လည်း ဆင်တူပါသည်။ အုတ်ချပ်အရွယ်အစားအနေဖြင့် (၃) မျိုး တွေ့ရှိရပါသည်။ တစ်ချို့ အုတ်ချပ် များမှာ ပျူခေတ်တွင် တွေ့ရသော လက်ရေးစင်းပါအုတ်များ၊ အက္ခရာ အမှတ်သားပါ အုတ်များကို တွေ့ရပါသည်။ တွေ့ရှိရသော အုတ်အရွယ်အစားမှာ အလျား ၁၅ လက်မ x အနံ ၇.၅ လက်မ x ထု ၁.၇၅လက်မ၊ အလျား ၁၃ လက်မ x အနံ ၆.၅ လက်မ x ထု ၃ လက်မ၊ အလျား ၁၂လက်မရှိ ပေအုတ်အမျိုးအစားတို့ အသုံးပြုထားသည်ကို တွေ့ရပါသည်။
ပေါင်းကူးဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၀၃ ခုနှစ်တွင် ဦးနေဝင်းထွန်း၊ ဒေါ်အေးအေးမြင့် မိသားစု၏ လှူဒါန်းမှုဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲကလည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
လက်ရှိတွင် ပေါင်းကူးဘုရား၏ အနောက်ဘက်ခြမ်း တစ်ခုလုံးမှာ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီး နေပါသည်။ နှစ်ထပ်စေတီ အမျိုးအစား ဖြစ်ပြီး ၁၉၁၆ ခုနှစ်နှင့် ၁၉၂၇ ခုနှစ် တို့တွင် တူးဖော်မှု တစ်စိတ် တစ်ပိုင်း ပြုလုပ်ခဲ့ရာမှ ပျူခေတ်လက်ရာ ကြေးရုပ်ပွားတော်များ၊ ကျောက်ရုပ်တုများနှင့် မွန်ဘာသာပါ ကမ္ပည်းစာတို့ကို ဘုရား၏အနီးတွင် တွေ့ရှိခဲ့ပါသည်။ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများကို ယခုအခါ ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားပါသည်။ ယခင်က တွေ့ရှိ အထောက်အထားများအရ ခန့်မှန်းချက်မှာ အေဒီ(၁၁) ရာစုခန့်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ သိပ္ပံနည်းကျ Thermoluminescence Dating (TL) စစ်ဆေးမှုရလဒ်အရ ပေါင်းကူးဘုရားသည် အေဒီ (၄)ရာစုနှင့် (၅)ရာစုကာလအတွင်း ဟု သတ်မှတ်နိုင်ပါသည်။









![]()