ရန်ကုန်၊ ဇူလိုင် ၂၈ ရက်
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၄ / ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ်တစ်ရာနှင့်အထက်သက်တမ်းရှိသော ရှေးဟောင်းအဆောက်အအုံ ၁၅၃ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ရာ ယင်းအဆောက်အအုံများတွင် ပါဝင်သည့် ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)အဆောက်အအုံ နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းအချိန်တွင် သက်ဆိုင်ရာအဆောက်အအုံများ၌ ကျင်းပပြုလုပ်သည်။
ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်း အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးများ၊ ဖိတ်ကြားထားသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အနုပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါများကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံဒေသအသီးသီးမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကွင်းဆင်း လေ့လာမှတ်တမ်းတင်ခြင်း၊ တူးဖော်ရှာဖွေသုတေသနပြုခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ရှေးမူလက်ရာမပျက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အများ ပြည်သူ သိရှိလေ့လာနိုင်စေရန် ပြတိုက်များဖွင့်လှစ်ပြသခြင်း၊ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနဲ့ အနုပညာလက်ရာတန်ဖိုးမြင့်မားပြီး နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်သင့်တဲ့ နှစ်(၁၀၀)နှင့် အထက် သက်တမ်းရှိတဲ့ ရှေးဟောင်းအဆောက်အအုံများကို ဥပဒေ၊ နည်းဥပဒေအရ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထိ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်း အဆောက်အအုံပေါင်း (၅၇၀၈) လုံးရှိပြီး ၂၀၂၂ ခုနှစ်မှ စ၍ ယနေ့အထိ ဥပဒေအရ နှစ် ၁၀၀ နှင့် အထက် သက်တမ်းရှိပြီး နိုင်ငံတော်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားဖို့လိုအပ်တဲ့ အဆောက်အအုံများကို ဥပဒေအရ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး (၃၉၇)လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် ခဲ့တဲ့အတွက် ယခုဆိုလျှင် စုစုပေါင်း (၆၁၀၅)လုံး ရှိပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း နှစ် ၁၀၀ အထက် သက်တမ်းရှိတဲ့ ရှေးဟောင်းအဆောက်အအုံ (၁၅၃) လုံးကို အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ထင်ရှားတဲ့ ရှေးဟောင်းအဆောက်အအုံ များမှာ ကျောက်တံတားမြို့နယ် မှာ အမျိုးသားစာကြည့်တိုက် (၁၉၀၈) ခုနှစ် (ယခင် ရေနံ/ဓာတု ရုံးချုပ်)၊ ရန်ကုန်တိုင်းတရားလွှတ်တော် (Chief Court) (၁၉၀၅-၁၉၁၁) ခုနှစ်၊ အကောက်ခွန်ရုံး (၁၉၁၂-၁၉၁၆) ခုနှစ်၊ Strand Hotel (၁၉၀၁) ခုနှစ်၊ တရားရုံးချုပ် (၁၉၀၅ – ၁၉၁၁) ခုနှစ်၊ ဗိုလ်တထောင်မြို့နယ်မှာ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) (၁၈၈၉-၁၉၀၅)ခုနှစ် ၊ လေမှုတ်စက်ရုံ(၁၈၈၈) ခုနှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မှာ နာတ္တူကော်တိုက် ချစ်တီးယား ဟိန္ဒူစူဠာမဏိဘုရား ကျောင်းတော် (၁၈၆၀) ပြည့်နှစ်၊ လသာမြို့နယ်မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး (၁၉၀၉)ခုနှစ်၊ ဗဟန်းမြို့နယ်မှာ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) (၁၉၁၅-၁၉၁၉) ခုနှစ်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်(၁၉၂၀) ပြည့်နှစ် ၊ အင်းစိန်မြို့နယ်မှာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး(၁၉၂၅) ခုနှစ်၊ မရမ်းကုန်းမြို့နယ်မှာ အောင်မြေဘုံသာသျှာမ်းကျောင်း (၁၉၀၈) ခုနှစ်တို့ကို ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ (၄)ခု တပ်ဆင်ခဲ့ပြီး ယနေ့တပ်ဆင်တဲ့ ရှေးဟောင်းအဆောက်အအုံ (၂)ခုနဲ့ ဆိုလျှင် (၆)ခုမြောက် တပ်ဆင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ၁၉၂၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံဖြစ်ပြီး (၂၀) ရာစု ဥရောပပုံစံ လူနေအဆောက်အအုံ တစ်ခုဖြစ်ကြောင်း၊ ထိန်းသိမ်းမွမ်းမံမှု ကောင်းမွန်ပြီး အနောက်တိုင်း လက်ရာများ ကောင်းစွာကျန်ရှိတဲ့ အဆောက်အအုံ တစ်လုံးလည်းဖြစ်ကြောင်း၊ ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြတိုက်အဖြစ် စတင် ဖွင့်လှစ်ပြသခဲ့ကြောင်း၊ အလားတူ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို တရုတ်အမျိုးသားသူဌေးကြီး လင်ချင်းချောင်း က ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ထိုအချိန်က ဘုရင်ခံ အိမ်တော်ပြီးလျှင် ဒုတိယအကြီးကျယ်ဆုံး အိမ်တော်ဖြစ်ကြောင်း၊ ချင်းချောင်းနန်းတော်၏ ဗိသုကာဟန်သည် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှု ရောယှက်နေသည့်ဟန်ကို ထင်ရှားစွာ တွေ့မြင်နိုင်တာကြောင့် မြန်မာ နိုင်ငံမှာ တစ်ခုတည်းသော ထူးခြားသည့် ရှားပါးဗိသုကာလက်ရာအဖြစ် သတ်မှတ်ခြင်းခံရကြောင်း၊ ချင်းချောင်းနန်းတော် အဆောက်အအုံဟာ အနောက်တိုင်းနှင့် တရုတ်ရိုးရာ ဗိသုကာလက်ရာများ ရောယှက်ထားတာဖြစ်ပြီး ဘေဂျင်းမြို့၊ နွေရာသီ နန်းတော်တွင်ရှိသော Fu Xiang ပွဲကြည့်စင်နှင့် တရုတ်မင်းဆက်တို့၏ လက်ရာဖြစ်သော ဗိသုကာဟန်ကို အချိုးကျကျ ပေါင်းစပ်ထားကြောင်း၊ ကောင်းကင်အမြင့်မှကြည့်လျှင် ကြယ်ပွင့်ပုံသဏ္ဌာန်မြင်တွေ့ရပြီး အပြင်ပန်း သဏ္ဌာန်သည် ငါးထပ် အမြင့် ရှိပြီး အပေါ်ဆုံးအထပ်တွင် ရှစ်မြှောင့်ပုံစံ တရုတ်ဘုရားကျောင်းအမိုးခုံး (Octagonal Tower)၊ ဥရောပတိုက်ရှိ ရီနေဆွန်း (Renaissance)ခေတ် နန်းတော်ပုံစံများကို ပေါင်းစပ်ထားကြောင်း၊ အမိုး အဆင့်ဆင့်မှာ တရုတ်ရိုးရာနဂါးရုပ်များ၊ ပန်းနွယ်ပုံစံများ၊ ဝါးဆစ်ပုံစံ များကို ထွင်းထုထားပြီး အမိုး များကို တရုတ်ရိုးရာ စဉ့်အုတ်ကြွပ်ပြားများဖြင့် မိုးထားကာ အစွန်းများတွင် ကော့တက်နေသော ပုံသဏ္ဌာန် များပါရှိကြောင်း၊ ကျောက်လှေကားကြီးများ၊ အလှဆင်မှန်ရောင်စုံ (stained glass) များ၊ သစ်သားပန်းပုလက်ရာများ၊ အီတလီစကျင်ကျောက်များ၊ အနုပညာဆန်သော မျက်နှာကျက်နှင့် နံရံဆေးရေးများဖြင့် အလွန်ခမ်းနားလှတဲ့ ဗိသုကာလက်ရာများကို ယနေ့တိုင်ကောင်းစွာ တွေ့ရှိရကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၆.၁၁.၂၀၂၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၄ ဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) တို့ကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့မှာဆိုလျှင် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်၍ မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေဟာ ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်အောင် ဆွဲဆောင်နိုင်ပြီး နိုင်ငံရဲ့ ဂုဏ်သိက္ခာနှင့် ခမ်းနားထည်ဝါမှု စသည့် တန်ဖိုးများ မြင့်တက်စေတာကြောင့် အမွေအနှစ်တန်ဖိုးနဲ့ ထိန်းသိမ်းရန် လိုအပ်မှုကို ပြည်သူများအနေနဲ့ နားလည်သိရှိ လိုက်နာလာစေရန် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်းနဲ့ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမှာလည်း ဖြစ်ပါကြောင်း ပြောကြား လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဲဒီအတွက်ကြောင့် အထိမ်းအမှတ် ပြတိုက်လည်းဖြစ်ပြီး သမိုင်းအတွက် အရေးကြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီး နေထိုင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နဲ့ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်နေတာလည်း ဖြစ်ကြောင်းကို ပြောကြားသွားပါသည်။
ဆက်လက်၍ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင် ခြင်းနှင့်စပ်လျဉ်း၍ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဇ ရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံ နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တို့ကို အစီအစဉ်အတိုင်း ရှေးဟောင်းကြေးပြား မော်ကွန်းကမ္ပည်းများကို အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးပါသည်။
ယနေ့တပ်ဆင်တဲ့ ကြေးပြားကမ္ပည်းမော်ကွန်းသည် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တို့၏ သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေမည့်အပြင် အမှတ်တရအမွေအနှစ်တစ်ရပ်အဖြစ် ရေရှည်တည်တံ့စေမှာဖြစ်၍ ပြည်သူလူထု လူငယ်များအနေဖြင့် လည်း မိမိတို့၏ ရှေးဟောင်းအဆောက်အအုံများကို ရေရှည်တည်တံ့စေရန်အတွက် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များကို ဆက်လက် လက်ဆင့်ကမ်းမည့် အရေးပါသော မှတ်တမ်းအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
![]()