ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) လောကနတ်ခန်းမ၌ ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်၍ အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ လာရောက်အပ်နှံခဲ့ ကြသည့် တာဝန်သိပြည်သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းအတွက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်အမှာစကားပြောကြားရာတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် ခိုင်မာသည့် သမိုင်းသက်သေများ ဖြစ်သဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန် အရေးကြီးပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း ရာတွင် ပြည်သူလူထု၏ တာဝန်သိစိတ်နှင့် ပူးပေါင်းပါဝင်မှုသည် ပဓာနကျပြီး၊ ယခုကဲ့သို့ စီးပွားရေး အကျိုးအမြတ်ထက် နိုင်ငံတော်အတွက် ရှေးဟောင်းပစ္စည်းများကို စေတနာအပြည့်ဖြင့် လာရောက် အပ်နှံခဲ့ကြသည့် ပြည်သူများ၏ အမျိုးသားရေးအသိကို အထူးလှိုက်လှဲစွာ လေးစားဂုဏ်ယူပါ ကြောင်း၊ လာရောက်အပ်နှံသည့် ရှေးဟောင်းပစ္စည်းများ၏ သမိုင်းဆိုင်ရာတန်ဖိုးနှင့် ကာလတန်ဖိုး များအပေါ် မူတည်၍ ပညာရှင်များ၏ စိစစ်ချက်ဖြင့် ထိုက်တန်သော ဆုကြေးငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ အပ်နှံခဲ့သည့်ပစ္စည်းများကို အမျိုးသားပြတိုက်များတွင် စနစ်တကျ ထိန်းသိမ်းပြသသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ် အပ်နှံကြပါရန်နှင့် သတင်းပေးပို့ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ယခုအခမ်းအနားတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်း(၃)လမ်းနေ ဦးဝင်းကိုကို၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာမှ ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်တိုင်ကျေးရွာမှ ဦးရဲရင့်ဇော်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာမှ ဦးဝင်းမင်းထွန်း၊မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာမှ ဦးစိုးမင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ရာဇာဓိရာဇ်လမ်းနေ ဦးဉာဏ်လင်းထက်တို့မှ အပ်နှံခဲ့သည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ် နှင့် မြောက်ဦးခေတ်လက်ရာများဖြစ်သည့် ရွှေပန်းကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက် ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများစသည့် အရေအတွက် စုစုပေါင်း(၁၁၇၃)ခုအား ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဆုကြေးချီးမြှင့်ငွေ ကျပ် (၁၀၄,၉၄၉,၁၁၂/-) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိခြင်းဖြင့်သော်လည်းကောင်း၊ ဝါသနာအလျောက် စုဆောင်းထားခြင်းဖြင့် သော်လည်းကောင်း ရရှိသိမ်းဆည်းထားပြီး နိုင်ငံတော်သို့ အပ်နှံပါက ရွှေထည်ပစ္စည်းများဖြစ်ပါက ပညာရှင်အဖွဲ့၏ စိစစ်သုံးသပ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အရည်အသွေးစစ်ဆေး၍ အရည်အသွေးနှင့် အလေးချိန်အား ၎င်းနေ့ပြင်ပပေါက်ဈေးဖြင့် မူလတန်ဖိုးတွက်ချက်၍ ပျူခေတ်လက်ရာပစ္စည်းများ ဆိုပါက မူလတန်ဖိုးများအပြင် ခေတ်ကာလတန်ဖိုး ၈၀ %၊ ခေတ်လက်ရာတန်ဖိုး ၄၀ % မှ ၈၀ % အထိအပြင် ထပ်ဆောင်းတန်ဖိုးပါ ချီးမြှင့်ပေးပါကြောင်း၊ ပုဂံခေတ်လက်ရာပစ္စည်းများဖြစ်ပါက ခေတ်ကာလတန်ဖိုး ၇၀ %၊ ခေတ်လက်ရာတန်ဖိုး ၄၀ % မှ ၇၀ % အထိအပြင် ထူးခြားရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ၄၀ % မှ ၈၀ % အထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အနည်းဆုံး ခေတ်ကာလပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိပါကြောင်း သတင်းရရှိသည်။
![]()