အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၏ Academic Event Calendar အရ ထိန်းသိမ်းမျှဝေယဉ်ကျေးမှုအမွေ (၆/၂၀၂၆) ဟောပြောပွဲ အခမ်းအနားကို ၂၈-၇-၂၀၂၆ ရက်နေ့(အင်္ဂါနေ့)၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့ဝင်(ပန်းချီ)၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုး (ဂုဏ်ထူးဆောင်ပါရဂူ)က “မြန်မာ့ရိုးရာစပ်ပန်းချီပညာရပ်နှင့်ဆက်နွယ်သည့် သုမင်္ဂလနှင့် ဒုမင်္ဂလဆိုင်ရာ ထူးခြားလေးနက်သော ရိုးရာယဉ်ကျေးမှုဓလေ့များအား လေ့လာချက်” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံး အဖွဲ့ဝင်များနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး Online ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်( ရန်ကုန်)၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တို့က တက်ရောက်ခဲ့ပြီး စုစုပေါင်းအင်အား(၂၂၅)ဦး တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ကိုယ်စား ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုး (ဂုဏ်ထူးဆောင်ပါရဂူ)က မြန်မာ့စပ်ပန်းချီပညာနှင့် မြန်မာမှုပွဲတော်၊ အခမ်းအနားများတွင် စပ်ပန်းချီ၏ ပူးပေါင်းပါဝင်ဆက်နွယ်မှု သဘောတရားများကို မျှဝေဖော်ထုတ်၊ ထိန်းသိမ်းခြင်းများနှင့်အတူ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနိုင်စေရန်၊ မျိုးဆက်သစ်လူငယ်များ၏ အသိပညာဗဟုသုတများ တိုးပွား ရင့်သန်လာစေရန်၊ အနုပညာဆိုင်ရာ အရည်အသွေးနှင့် ဖန်တီးပုံဖော်နိုင်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စပ်ပန်းချီပညာရပ်ကိုသိရှိပြီး ပြန်လည်ဖန်တီးအသုံးချတတ်စေရန်နှင့် မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းမြှင့်တင် လိုစိတ် မြင့်မားစေရန်ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပြီး သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ များက မြင်းယိမ်းအကဖြင့်လည်းကောင်း၊ ပန်းချီကောင်းထွဋ်(ရိုးရာအမွေအနှစ်မျိုးဆက်သစ်-ရန်ကုန်)အဖွဲ့က ဆင်အကဖြင့် လည်းကောင်း သရုပ်ပြတင်ဆက်ခဲ့ကြပြီး ဧည့်သည်တော်များက သိရှိလိုသည်များအား ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်ကိုယ်စား၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်က ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုး(ဂုဏ်ထူးဆောင်ပါရဂူ)အား ဂုဏ်ပြု လက်ဆောင်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
![]()