နေပြည်တော် ၊ ဩဂုတ် ၁၄ ရက်
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာဘက်မှ ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးရာတွင် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ခရီးသွားလာမှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ၏ ခရီးသွားနေရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုများ အပြန်အလှန်ဖလှယ်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သဘာဝအလှအပများ၊ ကမ်းခြေ ဒေသများနှင့် အခြားထင်ရှားသော ခရီးသွားနေရာများကို ဘယ်လာရုစ်ပြည်သူများ ပိုမိုသိရှိလာ စေရန် သတင်းအချက်အလက်များ ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်များ ရရှိလာပြီဖြစ်၍ မင့်စ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ရရှိလာပါက ဘယ်လာရုစ် နိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရန် ပိုမိုလွယ်ကူမည်ဖြစ်ပြီး Tour Operator များအနေဖြင့်လည်း ခရီးစဉ်များကို ပိုမိုထိရောက်စွာ စီစဉ်ဆောင်ရွက်နိုင်မည်ဟု ဘယ်လာရုစ်ဘက်က အလေးထားပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံတွင် ကမ်းခြေခရီးသွားလုပ်ငန်းအပြင် တောင်တက် ခရီးစဉ်များ၊ စွန့်စားခရီးသွားလုပ်ငန်းများနှင့် အင်းလေးဒေသကဲ့သို့ ထူးခြားသည့် ခရီးသွား အတွေ့အကြုံများ ရရှိနိုင်သည့်နေရာများရှိကြောင်းနှင့် ထို့အပြင် မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားနေရာများနှင့် ယဉ်ကျေးမှု၊ သဘာဝအလှအပများကို ဖော်ပြထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ဘယ်လာရုစ်နိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် ဖြန့်ဝေ၍ ဘယ်လာရုစ်ပြည်သူများနှင့် Tour Operator များ ပိုမိုသိရှိလာစေရန် ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးကဇာတ်ရုံ၌ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ဝတ်စုံပြည့်ဖျော်ဖြေကပြ တင်ဆက်သည့် “မေတ္တာရွှေစောင်း ဓမ္မရသ ဇာတ်တော်ကြီး”ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အလင်္ကာကျော်စွာ ရွှေကူဒေါ်နန်းနွဲ့နွဲ့၊ စာရေးဆရာ ဦးနန်းမြင့်ဆွေ (မန္တလေး)၊ စာရေးဆရာ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

မေတ္တာရွှေစောင်း ဓမ္မရသဇာတ်ကြီးသည် ဂေါတမဗုဒ္ဓဘုရားရှင် ဣန္ဒသာလလိုဏ်ဂူ၌ သီတင်းသုံးစံပယ်တော်မူစဉ် ဘိုးတော်သိကြားမင်းက မြတ်စွာဘုရားရှင်အား ဖူးမြော်တွေ့ဆုံခွင့် ရရှိပြီး သိလိုသည်များကို မေးမြန်းလျှောက်ထားခဲ့ရာ မြတ်စွာဘုရားရှင်မှ ပြန်လည်မိန့်ကြား တော်မူခဲ့ပါသည်။ ဘိုးတော်သိကြားမင်းက ဘုရားရှင်ဟောကြားတော်မူသော လူအပေါင်းတို့ သာယာငြိမ်းအေးစေမည့် ငြိမ်းချမ်းရေးတရားတော်ကို ဝေနေယျအပေါင်းတို့အား ပြန်လည်မျှဝေ သည့် ဓမ္မရသဇာတ်ကြီးဖြစ်ပါသည်။
အဆိုပါမေတ္တာရွှေစောင်း ဓမ္မရသဇာတ်တော်ကြီး ကပြဖျော်ဖြေမှုအပြီးတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇာတ်တော်ကြီး တွင် ပါဝင်ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများအား ဂုဏ်ပြု စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပညာရှင်ကြီးများက အကြံဉာဏ်များ၊ လိုအပ် သည်များကို ဖြည့်စွက်အကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။
![]()