
ရန်ကုန်၊ ဩဂုတ် ၁၈ ရက်
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၄/ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ်တစ်ရာနှင့်အထက်သက်တမ်းရှိသော ရှေးဟောင်းအဆောက်အအုံ ၁၅၃ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ရာ ယင်း အဆောက်အအုံများတွင် ပါဝင်သည့် ဦးသန့်နေအိမ်ပြတိုက်၊ အင်းဝဘဏ်တို့ကို ရှေးဟောင်း အဆောက်အအုံ ကြေးပြားကမ္ပည်း မော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းက သက်ဆိုင်ရာ အဆောက်အအုံများ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဦးနေမင်းထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။ ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဦးသန့်နေအိမ်ပြတိုက်၊ အင်းဝဘဏ် အဆောက်အအုံတို့မှ ကြေးပြားမော်ကွန်းကမ္ပည်းများကို အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပါသည်။
ယနေ့တပ်ဆင်သည့် ကြေးပြားကမ္ပည်းမော်ကွန်းများသည် ဦးသန့်နေအိမ်ပြတိုက်၊ အင်းဝဘဏ် တို့၏ သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေမည့်အပြင် အမှတ်တရ အမွေအနှစ်တစ်ရပ်အဖြစ် ရေရှည်တည်တံ့စေမည်ဖြစ်ပြီး အသိပညာ၊ သမိုင်းနှင့် အမျိုးသားအမွေအနှစ်များအတွက် အရေးပါ သော မှတ်တမ်းများအဖြစ် တည်ရှိနေပြီး ပြည်တွင်းပြည်ပမှခရီးသွားများ လေ့လာသင့်သည့် နေရာများဖြစ်ကြောင်း သတင်းရရှိပါသည်။
![]()