
မန္တလေး၊ ဩဂုတ်လ ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် နှင့် ပြင်ဦးလွင်မြို့ရှိ ဦးပိန်တံတားနှင့် သဇင်မြိုင် အဆောက်အအုံတို့၌ ကျင်းပပြုလုပ်သည့် နှစ်ပေါင်း(၁၀၀)နှင့်အထက် ရှေးဟောင်းအဆောက်အအုံ များအား ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်ခဲ့ပါသည်။
နံနက်ပိုင်းတွင် အမရပူရမြို့၊ တောင်သမန်အင်းရှိ နှစ်ပေါင်း (၁၀၀)နှင့်အထက် သက်တမ်း ရှိသည့် ဦးပိန်တံတားတွင် ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနားကို နံနက် (၁၀:၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကမ္ပည်း မော်ကွန်းကြေးပြားအား လိုက်ကာကြိုးဆွဲ ဖွင့်လှစ်ပေးပြီး ဦးပိန်တံတားပေါ် လှည့်လည် ကြည့်ရှု ခဲ့ကြပါသည်။
အေဒီ ၁၈၅၁ ခုနှစ်တွင် အင်းဝနန်းတော်နှင့် စစ်ကိုင်းနန်းတော်တို့မှ နန်းတော်တိုင်များ၊ သစ်များဖြင့် တောင်သမန်အင်းကိုဖြတ်၍ အမရပူရမြို့နှင့် တောင်သမန်ရွာကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားကို အမရပူရမြို့ဝန် ဘိုင်ဆပ်၏တပည့် မြို့စာရေး မောင်ပိန်က တည်ဆောက်ခဲ့ပြီး စတင်တည်ဆောက်ခဲ့စဉ်က တိုင်ပေါင်း (၁၀၈၆)တိုင်၊ အရှည် (၃၉၈၇)ပေရှိပြီး နားနေရန် ဇရပ်(၇)ဆောင်တို့ဖြင့် တည်ဆောက်ခဲ့ရာ သက်တမ်း(၁၇၅)နှစ် ရှိပြီဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လေ့လာ အပန်းဖြေ သည့်ထင်ရှားသော နေရာဖြစ်ပါသည်။ ယခုကဲ့သို့ အထိမ်းအမှတ် ကမ္ပည်းကြေးပြား တပ်ဆင်ခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ ခရီးသွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်ကအထောက်အကူပြုပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်ရှိ Amarapura Icon Mix Used Development သို့သွားရောက်ကာ ခရီးသွားပြည်သူများ အပန်းဖြေအနားယူရန် ဆောင်ရွက်ထား ရှိမှုများ၊ ပိတ်ရက်ရှည် အားလပ်ရက်များတွင် ဖျော်ဖြေရေး အထူးအစီအစဉ်များအတွက် ပြင်ဆင်ရှိမှုများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိများနှင့် ဟိုတယ်စီမံကိန်းအကောင်အထည် ဖော်ဆောင်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ဆောင်မှုများပေးရာတွင် ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး၊ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ပေးနိုင်စေရေး၊ ဝန်ထမ်းများ၏ ဝန်ဆောင်မှု အရည်အသွေးတိုးတက်ကောင်းမွန်စေရေး အတွက် လေ့ကျင့် သင်ကြားပေးရေးတို့ကို မှာကြားခဲ့ပါသည်။ ထို့နောက် Amarapura Icon သို့ လာရောက် အပန်းဖြေလည်ပတ်ကြသည့် တရုတ်နိုင်ငံသား ဧည့်သည်များနှင့် တွေ့ဆုံရာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် တွေ့ကြုံရသည့်အတွေ့အကြုံများနှင့် ၎င်းတို့ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် မည်သည့်အန္တရာယ်ကိုမျှ ကြုံတွေ့ခဲ့ခြင်းမရှိဖူးကြောင်း ယခုတွေ့ဆုံ မေးမြန်းမှုများ ကိုလည်း အခါအားလျော်စွာ ပြုလုပ်မည့် တရုတ်နိုင်ငံရှိ ခရီးသွား ပြပွဲများကို ပြသရန်ကိုလည်း သဘောတူညီပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း(၁၀၀)နှင့် အထက် သက်တမ်းရှိသည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီး စသည့် ရှေးဟောင်းအဆောက် အအုံများတွင် ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို သဇင်မြိုင်အဆောက်အအုံ၌ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ်နှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် တင်သွင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ ယနေ့အထိ ရှေးဟောင်းအဆောက် အအုံပေါင်း (၆၁၀၅)လုံး ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ) အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြင်ဦးလွင်မြို့နယ်ရှိ နှစ်ပေါင်း(၁၀၀)နှင့်အထက် ရှေးဟောင်း အဆောက်အအုံ (၄၆)လုံးအပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းအဆောက်အအုံပေါင်း (၁၁၅) လုံးကို ရှေးဟောင်း အဆောက်အအုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သက်တမ်း နှစ်တစ်ရာကျော်သည့် အဆောက်အအုံများကို ရှေးဟောင်းအဆောက်အအုံ သတ်မှတ်သည့်အခါ သမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာနှင့် အနုပညာ၊ မူလလက်ရာ ကျန်ရှိခြင်း ရှိ၊ မရှိ တို့ကို စိစစ်၍ သတ်မှတ်ကာကွယ်ထိန်းသိမ်းရပါကြောင်း၊ ပြင်ဦးလွင်တွင်ရှိသော ရှေးဟောင်း အဆောက်အအုံ များသည် လွန်ခဲ့သော နှစ်တစ်ရာကျော်က တည်ဆောက်ခဲ့သည့် အဆောက်အအုံများ ဖြစ်သည့်အပြင် သမိုင်းတန်ဖိုးရှိသည့် မူလလက်ရာများ ကျန်ရှိခြင်းတို့ကြောင့် ရှေးဟောင်းအဆောက်အအုံ များအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံများ၏ ပုံသဏ္ဌာန်၊ တည်ဆောက်ပုံနည်းစနစ်၊ မူလလက်ရာများ၏ တန်ဖိုး အခြေအနေများကို သိရှိပြီး အားလုံးက ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းကြေးပြားတပ်ဆင်ခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြည်သူများ၊ နောင်လာ နောက်သားများ သိရှိလေးစားတန်ဖိုးထားတတ် စေရန်နှင့် မိမိတို့အမွေအနှစ် များကိုဆက်လက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် ဖြစ်ပါကြောင်း၊ ယခုလိုယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးရာ လည်းဖြစ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့စေရေး အတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များကပါ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကဏ္ဍအသီးသီးမှ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်ရှိ သဇင်မြိုင်၊ ချယ်ရီမြိုင် အဆောက်အအုံနှင့် မြိုင်ကြီး အဆောက်အအုံတို့ကို အမွှေးနံ့သာရည်များပက်ဖျန်း၍ ကမ္ပည်း မော်ကွန်းကြေးပြား တပ်ဆင်ခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ရွှေနန်းထိုက်ဟိုတယ်တွင် တွေ့ဆုံပြီး ပြင်ဦးလွင် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ ရပ်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
![]()