
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ဩဂုတ်လ (၂၈) ရက်နေ့ နံနက် (၁၀) နာရီက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ လောကနတ်ခန်းမ တွင် ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားတစ်မျိုးချင်းစီ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဝတ်စားဆင်ယင်မှုများ သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော တိုင်းရင်းသားအားလုံး၏ တန်ဖိုးမဖြတ် နိုင်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားဝတ်စုံ များနှင့် ပတ်သက်၍ လွဲမှားမှုမရှိစေရန်နှင့် ဝတ်စုံများ၏ဇစ်မြစ်ကို သမိုင်းကြောင်းနှင့်တကွ မှန်ကန်စွာ လေ့လာစိစစ်တင်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟို ကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃)ဖြင့် “မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ” ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် “တီထွင်မှုသည် ရိုးရာကို မကျော်ရန်” ဟူသော မူဝါဒကို အခြေခံ လက်ကိုင်ထားပြီး တိုင်းရင်းသားဝတ်စုံမှန်များကို ပြုစုခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများကြောင့် ကချင် (၆)မျိုး၊ ကယား (၉) မျိုး၊ ကရင် (၁) မျိုး၊ ချင်း (၁) မျိုး၊ ဗမာ (၁) မျိုး၊ မွန် (၁) မျိုး၊ ရခိုင် (၁)မျိုး၊ ရှမ်း (၇) မျိုး၊ စုစုပေါင်း တိုင်းရင်းသားလူမျိုးစု (၂၇) မျိုး တို့၏ အမျိုးသားဝတ်စုံမှန်ဆိုင်ရာ အချက်အလက်များကို စုစည်းပြုစုထားသည့် “မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်များ” (မူကြမ်း) စာအုပ်ကို ပြုစုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မူကြမ်းပြုစုပြီးစီးသော်လည်း စာအုပ်အဖြစ် ရိုက်နှိပ် မထုတ်ဝေမီ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြန်လည်စိစစ် အတည်ပြုပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် လုပ်ငန်းစဉ် (၅)ရပ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များမှာ (က) မူကြမ်းစာအုပ် မထုတ်ဝေမီ မြန်မာဘာသာစကား၊ တိုင်းရင်းသားဘာသာစကားများဖြင့် ရေးသားထားချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး များနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ပြန်လည်စိစစ်အတည်ပြုပေးရန်၊ (ခ) တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ထောက်ခံချက် ထပ်မံတောင်းခံရန်၊ (ဂ) အမျိုးသားဝတ်စုံမှန် သတ်မှတ်ခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ အတည်ပြုချက် ရယူရန်၊ (ဃ)ပြုစုထားသည့် မူကြမ်းအား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် စာပေ ယဉ်ကျေးမှုအဖွဲ့များ၏ ထောက်ခံချက်ရရှိပါက မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီသို့ တင်ပြရန်၊ (င) ပေးပို့ရန်ကျန်ရှိနေသေးသည့် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်များကို ဆက်လက်ပေးပို့စေပြီး စာအုပ်အား ပြည့်စုံစွာ ဆက်လက် ထုတ်ဝေသွားရန် တို့ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် အမျိုးသား ဝတ်စုံမှန် သတ်မှတ်ရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စွာဆက်လက် အကောင်အထည်ဖော်နိုင်ရေး အတွက် တာဝန်ရှိသူအားလုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အလေးထားကာ ဟန်ချက်ညီညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြား ပါသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဆောင်ရွက်ထားမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
![]()