
ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်
ယဉ်ကျေးမှု၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးထွန်း သည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်း ကျောင်း (ရန်ကုန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယဉ်ကျေးမှု၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင်အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၏ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ကြမည့် မျိုးဆက်သစ် လူငယ်များပင်ဖြစ်ပါကြောင်း၊ ၁၉၅၂ ခုနှစ်တွင် ပန်တျာ နှင့် ပန်းချီပန်းပုကျောင်း (ရန်ကုန်) ကိုလည်းကောင်း၊ ၁၉၅၃ ခုနှစ်မှာ ပန်တျာနှင့် ပန်းချီပန်းပု ကျောင်း(မန္တလေး)တို့ကိုလည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့အထိလည်း စဉ်ဆက်မပြတ် ထောက်ပံ့ကူညီလျက်ရှိပါကြောင်း၊
ယခုဆိုလျှင် ကျောင်း၏သက်တမ်းသည် နှစ်ပေါင်း ၇၄ နှစ် ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောင်းတော်ကြီးကို စတင်ဖွင့်လှစ်စဉ်က အနုပညာဘာသာရပ်တစ်ခုထဲကို ဦးစားပေး သင်ကြား ရာမှ တိုးတက်ပြောင်းလဲ လာသည့် ခေတ်ကာလနှင့်လျော်ညီအောင် ၂၀၁၀ ပြည့်နှစ်တွင် ပန်တျာ နှင့်ပန်းချီပန်းပုကျောင်းများကိုပေါင်း၍ အနုပညာအထက်တန်းကျောင်းအဖြစ် တိုးမြှင့် ဖွင့်လှစ် ခဲ့ပါကြောင်း၊ အဆင့်ဆင့်ပြောင်းလဲ တိုးတက်နေသော ဆက်စပ်ပညာရပ်များကိုပါ ဆည်းပူး လေ့လာ၍ အနုပညာရပ်များ ထာဝရရှင်သန်စေရန် ဆောင်ရွက်နိုင်မည့် အနုပညာရှင်များ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အနုပညာအထက်တန်း ကျောင်း(ရန်ကုန်)၏ဖွင့်လှစ်သင်ကြားနေမှုများ ထုတ်လုပ်ဌာနစု(ရန်ကုန်)၊ အမျိုးသားဇာတ်ရုံ (ရန်ကုန်)တို့၏ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပန်တျာဌာနနှင့် ပန်းချီပန်းပုဌာနများတွင် တက်ရောက် သင်ယူ လျက်ရှိသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာ ဘာသာရပ်ဆိုင်ရာ သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ထုတ်လုပ်ဌာနစု (ရန်ကုန်)၏ ယိမ်းအကများလေ့ကျင့်နေမှုကိုလည်းကောင်း၊ မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်းမှ သင်တန်းသားများ၏ သင်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များပံ့ပိုးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
![]()