ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ (၂၉) ကြိမ်မြောက် ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဩဂုတ်လ ၃၁ ရက်

          ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် (၂၉) ကြိမ်မြောက် ဘွဲ့ယူမည့် ပန်းချီ၊ ပန်းပု ကျောင်းသား၊ ကျောင်းသူများ၏လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ စင်တင်တင်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန် မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

          အခမ်းအနားအစီအစဉ် ပထမပိုင်းကို နံနက် (၀၉:၀၀) နာရီတွင်ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် ကောင်စီဝင်များ ၊ တက္ကသိုလ်ပညာရေး အဖွဲ့ဝင်များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘွဲ့ယူ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြပြီး ပန်းချီ၊ ပန်းပု ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည် ကြည့်ရှုကြသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို နံနက် (၁၀:၃၀) နာရီတွင် ဆက်လက်ကျင်းပရာ  ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားရာမှာ “မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို မတိမ် ကော မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိနေခြင်းသည် နိုင်ငံတော်၏ လူမှုရေးကအတွက် ယဉ်ကျေးမှု မျက်နှာစာတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့အပြင် ယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မှုမှ တစ်ဆင့်ထွန်းကားပြန့်ပွားအောင် သင်ကြား၊ လေ့ကျင့်၊ ပြုစု ပျိုးထောင်ပေးနိုင်ခြင်းသည်လည်း အနာဂတ်အတွက် အားတက်ဂုဏ်ယူဖွယ်ရာဖြစ်ရပါကြောင်း၊ ဤတက္ကသိုလ်၏ အစဉ်အလာအရ နှစ်စဉ်လက်ရာမွန်ပြပွဲနှင့်အတူ  ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင်တင်ဆက်ပွဲကို ပြုလုပ်ကြသည်ကိုတွေ့ရပါကြောင်း၊  ကျောင်းသား၊ ကျောင်းသူ များသည် သင်ကြားလေ့လာခဲ့သည့် အနုပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချနိုင်ပြီ လည်းဖြစ်ပါကြောင်း၊ ဖျော်ဖြေတင်ဆက်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစား သင်ယူ ခဲ့သည့် အရည်အချင်းများကို  မြင်တွေ့ရမည်ဖြစ်သကဲ့သို့ နောင် အနုပညာလောကထဲတွင် ထပ်မံစွမ်းဆောင်နိုင်မည့်  စံပြနမူနာ(Model)  ဖြစ်လာမည်ဟုလည်း  ယုံကြည်မိပါကြောင်း” ဖြင့်ပြောကြားပါသည်။

ယင်းနောက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဦးအေးထွန်းက ဂုဏ်ပြုစကားပြောကြားရာတွင် “ယခုကျင်းပသည့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၏ (၂၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ‌‌ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ သုခုမအနုပညာရပ်များကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ပြီး ထွန်းကားပြန့်ပွားတိုးတက်အောင် စွမ်းဆောင်ကြသည့်ပွဲ ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်သည့် အစဉ်အလာကြီးမားသော အနုသုခုမပညာရပ်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အနုပညာအသစ်များ ဖန်တီးထုတ်လုပ်ခြင်း၊ အနုပညာရှင်အသစ်များ လေ့ကျင့် ပျိုးထောင်မျှဝေပေးခြင်းဆိုသည့် တာဝန်ကြီးများကို ထမ်းဆောင်နေသည့် တက္ကသိုလ်ဖြစ်သည် နှင့်အညီ ယနေ့အခမ်းအနားသည် တက္ကသိုလ်၏သမိုင်းနှင့်အစဉ်အလာကို ဖော်ညွှန်းသည့်ပွဲလည်း ဖြစ်ပါကြောင်း၊  တက္ကသိုလ်စတင် ဖွင့်လှစ်စဉ်က ဝိဇ္ဇာဘွဲ့၊ ၂၀၀၆-၂၀၀၇ ပညာသင်နှစ်၊  ဒဿမ အကြိမ်မြောက် ဘွဲ့နှင်းသဘင်မှ စတင်၍   ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ (၂၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင်မှစတင်၍ မဟာဝိဇ္ဇာဘွဲ့များပါ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဝါရင့်ပါရဂူတန်းများဖွင့်ထားပြီး မကြာခင်ကာလတွင် ပါရဂူဘွဲ့များပါချီးမြှင့်အပ်နှင်း နိုင်တော့မည် ဖြစ်ပါကြောင်း၊   ၁၉၉၇-၁၉၉၈ ပညာသင်နှစ် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှ စပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  (၂၆) ကြိမ် မြောက် ဘွဲ့နှင်းသဘင်အထိ သင်တန်းအမျိုးမျိုးအတွက် ဘွဲ့၊ ဒီပလိုမာ အသီးသီးကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ(၈၃၂၆)ဦးတို့အား ချီးမြှင့် ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊

တက္ကသိုလ်တစ်ခု၏ သမိုင်းနှင့် အစဉ်အလာသည် တက္ကသိုလ်၏ နှစ်ကာလ ကြာရှည်စွာ လုပ်ဆောင်နိုင်ခဲ့သည့်စွမ်းရည်၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့သည့် အောင်မြင်မှုနှင့် သူရပ်တည် ရာ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုနိုင်မှုများဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)သည် ဂုဏ်သိက္ခာရှိရှိ၊ အောင်အောင်မြင်မြင်ရပ်တည်နိုင်သည့် စွမ်းရည် ပြည့်ဝသောတက္ကသိုလ်ဖြစ်ပါကြောင်း၊ အနုသုခုမပညာနှင့် ယဉ်ကျေးမှုမျိုးဆက်သစ်များအဖြစ် ဘဝတာဝန်၊ သမိုင်းပေးတာဝန်များကိုစတင်ထမ်းဆောင် နိုင်ရန်အားသစ်လောင်း၍ အုတ်မြစ်ချ ပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ တာဝန်များထမ်းဆောင်ကြရသည့်အခါ တိုင်းပြည်၏ အမျိုး ဂုဏ်၊ ဇာတိဂုဏ်၊ အမိတက္ကသိုလ်၏ ယဉ်ကျေးမှုဂုဏ်များကို ဦးထိပ်ပန်ဆင်ပြီး ယဉ်ကျေးလိမ္မာ မျိုးမြန်မာများအဖြစ်နှင့် တိုင်းကျိုးပြည်ဆောင်နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို အနုပညာဖြင့် စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်ကြပါစေကြောင်း” ဖြင့်ပြောကြားသည်။

ထို့နောက် ဧည့်သည်တော်ကြီးများက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြ သည်။

(၂၉) ကြိမ်မြောက် ဘွဲ့ယူမည့် ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူ များ၏ လက်ရာမွန် ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင် ဆက် ပွဲတွင် ပန်းချီအထူးပြုကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၆၂) ကား ၊ ပန်းပုအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းပုရုပ် (၅) ရုပ် နှင့် ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ များကမောင်မယ်စုံစွာ ဆိုင်းတော်မဟာ၊ ထိန်းသိမ်းစဉ်လာဂီတပဒေသာ ၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက ဝဏ္ဏသိင်္ဂီဆင်းလှဒေဝီ (နတ်ချင်းယိမ်း) အက၊ ဉတုသုံးလီ လှပျို မဒီယိမ်းအက၊ နှဲသမားနှင့် နဂါး လက်ဆောင်(ရုပ်သေး)၊ ပေါက္ကံရာဇဝင်မြင်းညိုရှင် (ဇာတ်တော် ကြီး)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ ဌာန မှ ကျောင်းသား၊ ကျောင်းသူများက “AI စက်ရုပ်နှင့် ကျွန်ုပ်တို့ ရွာ” ပြဇာတ်၊ “မေတ္တာချည်တိုင်” နှင့် “နှလုံးသား၏ခိုလှုံရာ” ရုပ်ရှင်ဇာတ်ကားများတို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading