ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေးနန်းမြို့ရိုး၊ ရှေးဟောင်းဘုရားစေတီ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေး၊  စက်တင်ဘာလ ၁၄

ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ရောက်ရှိပြီး မန္တလေးနန်းမြို့ရိုးပြုပြင် ထိန်းသိမ်းနေမှုအခြေအနေများ၊ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၁၃-၉-၂၀၂၆ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် မန္တလေးနန်းမြို့ရိုး၊ သူရဲခို၊ မီးတား၊ ပြအိုးနှင့် ပြာသာဒ်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဒုတိယဝန်ကြီးက အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေး ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ မိုးရေစိမ့်ဝင်ခြင်းမရှိအောင် ဂရုပြုဆောင်ရွက်သွားရန်နှင့် ငလျင် အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ လိုက်နာဆောင်ရွက်ရမည့်(SOP)အတိုင်း အရည်အသွေးပြည့်မီအောင်ပြုပြင်သွားရန်နှင့် နန်းမြို့ရိုး တစ်လျှောက်တွင် ရေဝပ်ဧရိယာများနှင့် စိုထိုင်းဆဖြစ်နေသော အကြောင်းအရင်းများကို စနစ်တကျ Survey ပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပဟိုရ်စင်နှင့် စွယ်တော်စင် ပြုပြင်ထိန်းသိမ်းနေမှုလုပ်ငန်းများနှင့် တံခါးနီတံခါးတူးဖော်သုတေသနပြုထားသည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

၁၄-၉-၂၀၂၆ ရက်နေ့တွင် ‌ဒုတိယဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား၊ လေးကျွန်းမာန်အောင်ဘုရား၊ မရှိခဏဘုရားနှင့် စေတီလှစေတီ ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်ဘုရားများအား ပြန်လည်ပြုပြင်ရာတွင် ရှေးမူမပျက် ပြုပြင်သွားရန်၊  အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများကိုသာအသုံးပြုသွားရန်၊ မိုးရေစိမ့်ဝင်ခြင်းမရှိအောင် ဂရုပြုဆောင်ရွက်သွားရန်နှင့် ငလျင်အပါအဝင်သဘာဝဘေးအန္တရာယ် များပါကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ (SOP) လုပ်ထုံးလုပ်နည်းများအတိုင်း အရည်အသွေးပြည့်မီအောင် ပြုပြင်သွားရန် မှာကြားခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်ရှိ ဗားကရာကျောင်း၊ ဆင်ကြို ရွှေကူဘုရားနှင့် မဟာမင်းထင်သစ်သားဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်၊ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading