(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ တက်ရောက်အမှာစကားပြောကြားသည့်သတင်း

နေပြည်တော်                   စက်တင်ဘာလ ၁၇

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉: ၀၀ နာရီအချိန်တွင် ရုံးအမှတ်၊ ၃၅၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ရာ အစည်း အဝးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဦးစီးကော်မတီ အတွင်းရေးမှူး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်(၅) ဦးထွန်းထွန်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အဆို၊ အက၊ အရေး၊ အတီးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေသော တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင်    မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကြီးသည် ဆုတံဆိပ်များရရှိရေးနှင့် ပြိုင်ပွဲ အနိုင်ရရှိရေးကိုသာ အဓိကထားသည့် ပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ မြန်မာအမျိုးသားယဉ်ကျေးမှု အမွေ အနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းပေးနိုင်ရေး၊ အမျိုးသားယဉ်ကျေးမှု စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရေးနှင့် မြန်မာ့ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့့် အမျိုးသားရေးဆိုင်ရာ ဆောင်ရွက်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ ခေတ်သည် ကမ္ဘာတစ်ဝန်း နည်းပညာ တိုးတက်ပြောင်းလဲမှုများ မြန်ဆန်လာသကဲ့သို့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဖန်တီးမှုများ၊ လူငယ်များ၏ အနုပညာအပေါ် စိတ်ဝင်စားမှုများနှင့် လူမှုဘဝပုံစံ များလည်း ပြောင်းလဲလာလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲလာသော အခြေအနေများ ကြားတွင် မိမိတို့၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် ခေတ်အဆက်ဆက် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန် များစွာလိုအပ်လှပါကြောင်း၊ ထို့ကြောင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲကျင်းပခြင်းတစ်ခုတည်း အဖြစ်မမြင်ဘဲ မြန်မာ့ ရိုးရာအနုပညာအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သည့် အမျိုးသားရေးလုပ်ငန်း တစ်ရပ်အဖြစ် ခံယူကာ ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ ကြီးကြပ်သူများ၊ အကဲဖြတ် ပညာရှင်များ၊ နည်းပြများ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ အများ အပြားပါဝင်လာကြမည်ဖြစ်သဖြင့် ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်နှစ်များ နည်းတူ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ ဆောင်ရွက်ထားကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့်  မြန်မာ့ရိုးရာအနုပညာရပ်များ တိုးတက်မြင့်မားရေးအတွက် အကဲဖြတ်ဒိုင်များ၏ ကျွမ်းကျင်မှု၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ အကဲဖြတ်နိုင်မှုများသည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် အကဲဖြတ်စံနှုန်းများကို ကြိုတင် ရှင်းလင်းသတ်မှတ်ထားပြီး ပြိုင်ပွဲဝင်အားလုံးအတွက် တန်းတူညီမျှစွာ ကျင့်သုံးနိုင်ရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာပြိုင်ပွဲဝင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးက မျိုးဆက်သစ် လူငယ်များအပါအဝင် အနုပညာဝါသနာရှင်များအနေဖြင့် မိမိတို့၏ ရိုးရာအနုပညာ အမွေ အနှစ်များကို မြတ်နိုးတန်ဖိုးထားကာ ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များ ဖြစ်ထွန်း လာစေရေးအတွက် အားပေးမြှင့်တင်ပေးရာလည်းရောက်မည်ဖြစ်ပါကြောင်း၊ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့တာဝန်ယူထားကြသည့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို တိတိကျကျ ခွဲဝေသတ်မှတ်ပြီး အချိန်ဇယားနှင့်အညီ ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊  ယခု အချိန်သည် ပြိုင်ပွဲကျင်းပရန် အချိန်ကာလနီးကပ်လာပြီဖြစ်သည့်အတွက် ကျန်ရှိနေသော လုပ်ငန်း များကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ကြိုတင် ခန့်မှန်း၍ အရန်အစီအစဉ်များ ပြင်ဆင်ထားရှိခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို တက်ရောက် လာကြ သူများ အားလုံးအနေဖြင့် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြပြီး လုပ်ငန်း များကို ထိရောက်စွာအကောင်အထည် ဖော်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး ထပ်မံမှာကြား လိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အဆို၊ အက၊ အရေး၊ အတီးလုပ်ငန်းတာဝန်များကို ဆောင်ရွက် နေသော တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြကြပြီးနောက်    ဆပ်ကော် မတီများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်း ခဲ့ပါသည်။

Loading