
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် အဖွဲ့ဝင်များနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု ဖိုရမ် (XII Saint Petersburg International United Cultures Forum)သို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၄-၉-၂၀၂၆ ရက်တွင် ရုရှားနိုင်ငံ၏ ထင်ရှားလှသည့် ကတ်သရင်းနန်းတော် ပြတိုက် (Catherine Palace Museum) သို့ သွားရောက် လေ့လာလည်ပတ် ခဲ့ပါသည်။ ၂၅-၉-၂၀၂၆ ရက် နံနက်ပိုင်းအစည်းအဝေး အစီအစဉ်၌ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၀ က တွေ့ရှိခဲ့သည့် ပရိုင်းမိတ်များအား ယဉ်ကျေးမှုအမွေအနှစ် ရေရှည်ထိန်းသိမ်း နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ အနာဂတ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှု အမွေအနှစ်သည် အဓိကအခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်မှုတို့ကို ဆွေးနွေးခဲ့ပါသည်။ ၂၅-၉-၂၀၂၆ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင် တက်ရောက်အမှာစကား ပြောကြားသည့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ တက်ရောက်ခဲ့သည်။ ဖိုရမ်ကျင်းပနေစဉ်အတွင်း ရုရှားသတင်းဌာနများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၆-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် “XII Saint Petersburg International United Cultures Forum” (၁၂)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖိုရမ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုပေးပွဲ အစီအစဉ်ကို တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ရုရှားသတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခြင်းအစီအစဉ်များတွင် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၈-၉-၂၀၂၆ ရက် ညနေပိုင်းတွင် လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါကြောင်း သတင်းရရှိသည်။
![]()