
နေပြည်တော် ၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်
မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅) ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကဲ့သို့ သတင်းမီဒီယာနှင့် ဆက်သွယ်ရေးစနစ်များ မြန်ဆန်စွာ ဖွံ့ဖြိုး တိုးတက်နေသည့် Globalization ကာလတွင် မိမိတို့ တိုင်းပြည်နှင့် လူမျိုး၏ အမျိုးသားရေး စရိုက် လက္ခဏာများ တည်တံ့ခိုင်မြဲရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကိုယ်ပိုင်သမိုင်းကြောင်း၊ ဝိသေသလက္ခဏာများနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန်နှင့် အနာဂတ်မျိုးဆက်သစ် လူငယ် များကို လက်ဆင့်ကမ်းပေးခြင်းနှင့် စနစ်တကျ မှတ်တမ်းတင်ခြင်းတို့သည် အဓိကကျကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး မှီတင်းနေထိုင်သည့် ပြည်ထောင်စုကြီး ဖြစ်သည်နှင့်အမျှ ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စုံလင်စွာတည်ရှိခြင်းသည် လူမျိုး တစ်မျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် မေလ (၇)ရက်နေ့တွင် UNESCO ၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ကော်မတီအဖွဲ့နှင့် ပညာရှင်အဖွဲ့များ ဖွဲ့စည်း၍ အစည်းအဝေးများ ကျင်းပခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဝန်ကြီးဌာနအနေဖြင့် UNESCO သို့ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန် မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ညီလာခံ အစည်းအဝေး၌ “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”သည် ယူနက်စကို၏ လူသား မျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ် ပါကြောင်း၊ ထို့ပြင် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” ကိုလည်း ယူနက်စကိုသို့ တင်ပြထားပြီးဖြစ် သဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် တရုတ်နိုင်ငံ ရှမန်မြို့၌ ကျင်းပမည့် (၂၁) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အလားတူ “မြန်မာ့လက်ဖက်ယဉ်ကျေးမှု” ကိုလည်း ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ယူနက်စကိုသို့ အဆိုပြုလွှာ ပေးပို့ထားပြီးဖြစ်သည့်အပြင် “ထမနဲယဉ်ကျေးမှုဓလေ့”နှင့် “လွန်းရာကျော်ကြိုးကြီးချိတ်” လုပ်ငန်းတို့ကို လာမည့်နှစ်များတွင် ယူနက်စကိုသို့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဆက်လက်တင်သွင်း နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာတွင် မိမိတို့ ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဆက်စပ်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ NGOများ၊ ရိုးရာလုပ်ငန်းရှင်များနှင့် ပြည်သူလူထုအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ပြုစုပြီးသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းများအား အမျိုးသားအဆင့်နှင့် တိုင်း/ပြည်နယ် အဆင့် ခွဲခြားသတ်မှတ်နိုင်ရေး အနီးကပ် ကြီးကြပ်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ အတွင်းရေးမှူးနှင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဥက္ကဋ္ဌ တို့က အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာရှင်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ရလဒ်များ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် တက်ရောက်လာသော ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဒေသ အလိုက် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကိစ္စများနှင့် သက်ဆိုင်သည့် အချက်အလက်များအား ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
![]()